လက်ပံတန်းမြို့တွင် ကျောက်တင်ရထားနှင့်တိုက်မိသဖြင့် တနေ့တည်း လူ ၂ ဦး သေဆုံး
DVB
·
May 23, 2020
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မှာ မေ ၂၂ ရက် မနက်အစောပိုင်းက နေရာ ၂ ခုမှာ ရထားတိုက်မိတာကြောင့် လူ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်ပံတန်းဘူတာနဲ့ စစ်ကွင်းဘူတာကြား ပြည်-ရန်ကုန်ရထားလမ်း မိုင်တိုင်အမှတ် (၈၁/၂၄နှင့် ၂၃ ကြား) နဲ့ မိုင်တိုင်အမှတ်(၈၁/၁၉နှင့်၁၈ကြား ) နေရာ ၂ နေရာ တို့မှာ လူ ၂ ဦးအား ရထားအမှတ် BD331 ကျောက်တင်ရထားက တိုက်မိခဲ့တာကြောင့် သေဆုံးခဲ့တာလို့ သိရပါတယ်။
ဖြစ်စဉ်မှာ စစ်ကွင်းဘက်ကနေ လက်ပံတန်းဘက်ကို မောင်းနှင်လာတဲ့ အမှတ် BD331 ကျောက်တင်ရထားဟာ ပြည်- ရန်ကုန်ရထားလမ်း မိုင်တိုင်အမှတ် (၈၁/ ၂၄နှင့် ၂၃ကြား) ရထားလမ်းအလယ်မှာ အိပ်ပျော်နေတဲ့ ကိုကိုနိုင် (၄၁ နှစ်) ကို တိုက်မိခဲ့တာကြောင့် အခင်းဖြစ်နေရာမှာ ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။
အဲဒီ ကျောက်တင်ရထားဟာ မိုင်တိုင်အမှတ် (၈၁/၁၉နှင့်၁၈ကြား) အရောက်မှာလည်း ရှမ်းစုကျေးရွာထိပ်မှာ ကျော်မင်းထိုက် (၃၇) နှစ်အား ထပ်မံတိုက်မိတာကြောင့် ခြေထောက်ပြတ်ဒဏ်ရာတွေ ရရှိပြီး ဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ လက်ပံတန်းမြို့မရဲစခန်းက သိရပါတယ်။
ဝဏ္ဏထွန်း