ယူအေအီးနိုင်ငံက ပြန်လာသည့် အမျိုးသား ၆ ဦး COVID-19 ရောဂါကူးစက်ခံရ
DVB
·
May 20, 2020
ယူအေအီးနိုင်ငံက ပြန်လာတဲ့ အမျိုးသား ၆ ဦးမှာ COVID-19 ရောဂါကူးစက်ခံရတာ စစ်ဆေးတွေ့ရှိရပြီး နိုင်ငံတဝန်း အတည်ပြုလူနာ စုစုပေါင်း ၁၉၉ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါအမျိုးသား ၆ ဦးဟာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ၊ ပန်းဘဲတန်း၊ သာကေတ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်နဲ့ အင်းစိန်မြို့နယ်တွေကဖြစ်ကြပြီး အားလုံးဟာ အင်းစိန်မြို့နယ်မှာ အသွားအလာ စောင့်ကြည့် ကန့်သတ်ခံထားရသူတွေ ဖြစ်ပါတယ်။
မနေ့ကလည်း ယူအေအီးနိုင်ငံက ပြန်လာတဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့နေ အသက် ၃၄ နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်နေ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးတို့မှာ COVID-19 ရောဂါကူးစက်ခံရတာစစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ ( UAE ) မှာ လုပ်ငန်းတွေ ရပ်တန့်ထားတာကြောင့် အခက်အခဲကြုံတွေ့နေကြရတဲ့ မြန်မာအလုပ်သမားတွေနဲ့ ဒူဘိုင်းဆိပ်ကမ်းရောက်ရှိနေတဲ့ သင်္ဘောသားတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၄၈ ဦးကို မေ ၁၀ ရက်နေ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ ရန်ကုန်ကို ပြန်လည်ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ ညနေပိုင်းမှာ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၅၉ ခုနဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ်ဓာတ်ခွဲနမူနာ ၉၄ ခု၊ စုစုပေါင်း ၂၅၃ ခုကို စစ်ဆေး ပြီးစီးခဲ့ရာမှာ COVID-19 ရောဂါ လူနာသစ် ၆ ဦးတွေ့ရှိခဲ့တာပါ။
မေလ ၂၀ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁၉၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၀၈ ဦးနဲ့ ဒီအထဲက ဆေးရုံက ဆင်းခွင့်ပြုခဲ့သူ ၉၈ ဦးရှိသွားပြီဖြစ်ပါတယ်။
ဓာတ်ပုံ- MOFA