Home
မြန်မာသတင်း
စူပါဆိုင်ကလုန်းမုန်တိုင်း ကိုကိုးကျွန်းမြို့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၀၀ ခန့်ကို ဗဟိုပြုနေ
DVB
·
May 19, 2020
Super Cyclonic
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ စူပါဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်ဟာ မြောက် - အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ကိုကိုးကျွန်းမြို့ ရဲ့ အနောက်-အနောက် မြောက်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်နဲ့ ပုသိမ်မြို့ရဲ့ အနောက်-အနောက်တောင် ဘက် ရေမိုင် ၄၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်ပါတယ်။  စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာမယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန် ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့် ၉ ပေမှ ၁၄ ပေ ခန့်ရှိနိုင်ပါတယ်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တစ်နာရီ လျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့်ရှိနိင်ပါတယ်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို ဝင်ရောက်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ရဲ့ အရှိန်ကြောင့် ကမ်းနီး၊ ကမ်းဝေး သွားလာနေကြတဲ့ ငါးဖမ်းရေယာဉ်၊ သင်္ဘောတွေနဲ့ လေယာဉ်တွေအနေနဲ့ ဆိုးရွားတဲ့ မိုးလေဝသအခြေအနေတွေ ကြိုတင်သတိပြုကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024