စားသောက်ဆိုင်များ ရောဂါပိုးကူးစက်မှုမရှိစေရေး အထူးဂရုစိုက်ရန် ကျန်းမာရေးဌာန သတိပေး
နေလင်းအောင်
·
May 17, 2020
COVID-19 ကာလမှာ ပြန်လည်ဖွင့်လှစ်ရောင်းချမယ့် စားသောက်ဆိုင်တွေအနေနဲ့ ရောဂါပိုးကူးစက်မှုမရှိအောင် ကာကွယ်ရေးစည်းကို အထူးဂရုစိုက်လုပ်ဆောင်ဖို့လိုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။
မေ ၁၃ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်စည်ပင်တာဝန်ရှိသူတွေနဲ့ စားသောက်ကုန်ဖွင့်လှစ်ရောင်းချမှာနဲ့ပတ်သက်ပြီး ဗွီဒီယို Conference ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီနောက် မေ ၁၇ ရက်နေ့ကစတင်ပြီး ရန်ကုန်တိုင်း မြို့နယ်တချို့မှာ လက်ဖက်ရည်ဆိုင် အပါအဝင် တခြားစားသောက်ဆိုင်အချို့ ဆိုင်ထိုင်ရောင်းချလာကြပါတယ်။
အဲဒီလိုရောင်းချရမှာ ရောဂါပိုးကူးစက်ပျံ့နှံ့မှုမရှိစေဖို့ စနစ်တစ်ကျနဲ့ရောင်းချဖို့လိုသလို ကြိုတင်ကာကွယ်တဲ့အပိုင်းကို ဦးစားပေးလုပ်ဆောင်ဖို့ လိုတယ်လို့ ကျန်းမာရေး အသိပညာမြှင့်တင်မှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းနိုင်စိုးက ပြောပါတယ်။
လတ်တလော ဖွင့်လှစ်ရောင်းချနေတဲ့ လက်ဖက်ရည်ဆိုင်အပါအဝင် တခြားဆိုင်တွေကို ကျန်းမားရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ဖွင့်လှစ်ရောင်းချတာရှိမရှိကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့တွေနဲ့ လိုက်လံစစ်ဆေးသွားမယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
စီးပွားရေးအခြေအနေအရ မဖြစ်မနေဖွင့်လှစ်ရောင်းချရမယ့် စားသောက်ဆိုင်တွေအနေနဲ့ ထိုင်စားသောက်မယ့် သတ်မှတ်အကွာအဝေးကို ကျန်းမာရေးလုပ်ဆောင်ချက်နဲ့အညီ ရောင်းချသင့်ပြီး အဲဒီလိုမဟုတ်ဘဲ စည်းကမ်းချက်နဲ့အညီ မရောင်းချပါက ရောဂါပျံ့နှံ့မှု ပိုဆိုးလာနိုင်တယ်လို့ လှိုင်သာယာ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာခင်ရူပါစိုးက ပြောပါတယ်။
လက်ရှိ လာရောက်စားသုံးသူတွေကို ကိုယ်အပူချိန်တိုင်းတာတွေ၊ လက်ဆေးကန်ထားရှိတာတွေအပါအဝင် ဆိုင်ဝန်ထမ်းတွေကို Mask တပ်တာတွေ၊ နေ့စဉ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်ရောင်းချနေတယ်လို့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တဦးဖြစ်တဲ့ ဦးကြည်ဝင်းက ပြောပါတယ်။
လက်ရှိ ကိုဗစ်ကာလ ကြာရှည်လာတာနဲ့အမျှ စီးပွားရေးအခက်အခဲကြောင့် စားသောက်ဆိုင်တချို့ ဖွင့်လှစ်ရောင်းချနေကြပြီး ပြည်သူတွေကလည်း သွားရောက်စားသုံးလာတာတွေ ရှိနေပါတယ်။