အင်းစိန်တွင် Mask မတပ်သဖြင့် ဒဏ်ရိုက်အရေးယူခံရသူ ၂၀ ကျော်ရှိ
ညီငယ်
·
May 15, 2020
COVID-19 ပိုးတွေ့လူနာအများဆုံးမြို့နယ်တစ်ခုဖြစ်တဲ့ အင်းစိန်မြို့နယ်မှာ Mask မတပ်လို့ ဒဏ်ရိုက်အရေးယူခံရသူ ၂၀ ကျော်ရှိပြီလို့ အင်းစိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ဒီဗွီဘီကိုပြောပါတယ်။
မေလ ၁၃ ရက်ကစလို့ ရန်ကုန်မှာ နှာခေါင်းစည်းမတပ်ရင် ဒဏ်ရိုက်တဲ့ ပုံစံကျင့်သုံးခဲ့ပြီး နောက်သုံးရက်မြောက်နေ့ အင်းစိန်မြို့နယ်မှာတော့ မေလ ၁၅ ရက် ဒီကနေ့နေ့တပိုင်းမှာဘဲ ဒဏ်ရိုက်အရေးယူခံရသူ လူ ၂၀ ကျော်ရှိလာတာပါ။
"ကျနော်တို့လည်း အရှိန်မြှင့်လုပ်နေတာပါပဲ။ ပြည်သူတွေလည်း ပူးပေါင်းပါဝင်ကြပါတယ်” လို့ အင်းစိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောပါတယ်။
အင်းစိန်မြို့နယ်အတွင်းက အများပြည်သူသွားလာရာနေရာတွေနဲ့ အဓိက လမ်းမကြီးတွေပေါ်မှာ ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေး၊ စည်ပင်၊ မီးသတ်စတဲ့ အဖွဲ့တွေက ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးအရေးယူနေတာဖြစ်ပါတယ်။
ရန်ကုန်မှာ Mask မတပ်လို့ ဒဏ်ရိုက်အရေးယူတာကို ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ စတင်အသက်ဝင်တဲ့ မေလ ၁၃ ရက်နေ့မှာတင် မြို့နယ်တချို့မှာလည်း ဒဏ်ရိုက်အရေးယူခံရသူတွေ ရှိပါတယ်။