Home
မြန်မာသတင်း
ရေကြည်မြို့ Quarantine စင်တာမှထွက်ပြေးသူ အမျိုးသားကို ထောင်ဒဏ် ၁ လ ချမှတ်
DVB
·
May 15, 2020
96780442_849106975573647_4445618943264030720_n
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာ အထက်တန်းကျောင်းမှာ ဖွင့်လှစ်ထားတဲ့ စောင့်ကြည့်စင်တာက ထွက်ပြေးသူအမျိုးသားကို မေ ၁၄ ရက်နေ့က ရေကြည်မြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လ ချမှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထောင်ဒဏ် ၁ လချမှတ်ခံရတဲ့ အမျိုးသားမှာ ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာက ကိုဇော်ဝင်းနိုင်ဖြစ်ကာ ရန်ကုန်က မေလ ၄ ရက်နေ့က ပြန်လာပြီး ကျေးရွာ အထက်တန်းကျောင်းမှာ ဖွင့်လှစ်ထားတဲ့ Community Based Facility Center မှာ ၂၁ ရက် စောင့်ကြည့်နေစဉ် ထွက်ပြေးခဲ့တာလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန်းက ပြောပါတယ်။ "သူက ရန်ကုန်ကပြန်လာပြီး စောင့်ကြည့်စင်တာမှာ မေလ ၄ ရက်နေက စနေတာ၊ ဒီနေ့မနက်ပိုင်းက ထွက်ပြေးတာ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားရုံးတင်တော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လ ချမှတ်ခဲ့တာ။" ကျေးရွာစောင့်ကြည့်စင်တာက ထွက်ပြေးခဲ့တဲ့ ကိုဇော်ဝင်းနိုင်ကို ရဲတပ်ဖွဲ့က ဖမ်ဆီးပြီး ကျန်းမာရေးဌာန ဆရာဝန်တဦးရဲ့ တရားလိုပြုလုပ်တိုင်တန်းချက်အရ ရေကြည်မြို့နယ်တရားရုံးကို တရားစွဲတင်ပို့ခဲ့ကာ တရားရုံးက ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၁၈ အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁ လ ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။ ရေကြည်မြို့နယ်မှာ မေလ ၁၀ ရက်နေ့ကလည်း ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က ပြန်လာတဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦး စောင့်ကြည့်စင်တာမှာ နေထိုင်ဖို့ ငြင်းဆိုလို့ ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ တရားစွဲပြီး ထောက်ဒဏ် ၁ လ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ COVID-19 ရောဂါကာလအတွင်း ရေကြည်မြို့နယ်မှာ ညမထွက်အမိန့်မလိုက်နာလို့ ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုခံရသူ ၅ ဦးရှိပြီး ထုတ်ပြန်ထားတဲ့ အမိန့်တွေကို မလိုက်နာလို့ ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူထားသူ ၉ ဦးရှိတယ်လို့ ရေကြည်ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024