Homeမြန်မာသတင်း
စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်လိုသည့် လုပ်သားများကို အစိုးရ ဖိတ်ခေါ်
စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်လိုသည့် လုပ်သားများကို အစိုးရ ဖိတ်ခေါ်
DVB
·
May 13, 2020
နိုင်ငံတဝန်းက လယ်ယာမြေဧက ၄ သိန်းမှာ အကောင်အထည်ဖော်လုပ်ဆောင်မယ့် စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်သားအင်အားတွေလိုမှာဖြစ်ပြီး စိတ်ဝင်စားသူတွေ စာရင်းပေးထားနိုင်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ကြေညာပါတယ်။
ဝန်ကြီးဌာနအနေနဲ့ လာမယ့်စိုက်ပျိုးရာသီမှာ လယ်ယာထုတ်သီးနှံတွေ ထုတ်လုပ်တာ မကျဆင်းစေဖို့၊ တောင်သူတွေ ထွန်ယက်ရေး၊ မျိုးရရှိရေး၊ သွင်းအားစုရရှိရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ငွေကြေးအခက်အခဲတွေ မဖြစ်စေဖို့ စီမံဆောင်ရွက်နေတာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ချေးငွေ၊ အထောက်အပံ့၊ နိုင်ငံတော်ဘတ်ဂျက်တို့နဲ့ သီးနှံမျိုးစေ့ထုတ်လုပ်တာ၊ စံပြရွာတွေမှာ သီးနှံစိုက်ပျိုးထုတ်လုပ်တာတို့ကို နိုင်ငံတဝန်းက လယ်ယာမြေ ဧက ၂ သိန်းမှာ လုပ်မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကလည်း တောင်သူတွေနဲ့ အကျိုးတူလယ်ယာစနစ်ကို လယ်ဧက ၂ သိန်း လုပ်မှာဖြစ်လို့ အဲဒီအတွက် ပျိုးထောင်တာ၊ မြေယာပြုပြင်တာ၊ ပျိုးနုတ်တာ၊ ကောက်စိုက်တာ၊ မြေသြဇာထည့်တာ၊ ခူးဆွတ်သန့်စင်ထုပ်ပိုးတာ စတဲ့ လုပ်ငန်းတွေမှာ လုပ်သားတွေအများကြီးလိုအပ်မယ်လို့ ဆိုပါတယ်။
ဒီလယ်ယာလုပ်ငန်းတွေမှာလုပ်ဖို့ စိတ်ဝင်စားသူတွေအနေနဲ့ နေပြည်တော်က စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ် ဖုန်း ၀၆၇ ၄၁၀၅၂၆ ကို ဆက်သွယ်နိုင်သလို နီးစပ်ရာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးတွေကိုလည်း ဆက်သွယ်စာရင်းပေးထားနိုင်တယ်လို့ ကြေညာထားပါတယ်။