Homeမြန်မာသတင်း
ရမည်းသင်းတွင် လေပြင်းကြောင့် နေအိမ် ၄၂ လုံး ပျက်စီး၊ နွား ၅ ကောင် မိုးကြိုးထိမှန်သေဆုံး
ရမည်းသင်းတွင် လေပြင်းကြောင့် နေအိမ် ၄၂ လုံး ပျက်စီး၊ နွား ၅ ကောင် မိုးကြိုးထိမှန်သေဆုံး
DVB
·
May 11, 2020
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာ မေလ ၁၀ ရက် နေ့လယ်က မိုးသက်လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ် ၄၂ လုံး အမိုးလန်ပျက်စီးခဲ့ပြီး နွား ၅ ကောင် မိုးကြိုးထိမှန်သေဆုံးခဲ့ပါတယ်။
ရမည်းသင်းမြို့နယ် ရွှေစည်းခုံရပ်ကွက် အောင်မင်္ဂလာရပ်ကွက်၊ ဝါးတိုးရပ်ကွက်၊ မြို့မရပ်ကွက်၊ အိုင်တိုကျေးရွာအုပ်စု ဆတ်ထိုးကြီး ကျေးရွာအုပ်စု လွှစင်ကျေးရွာအုပ်စု ဆည်ကန်ကျေးရွာအုပ်စု ဆည်ကြီးအုပ်စုတို့မှာ မိုးသက်လေပြင်း တိုက်ခတ်ခဲ့တာဖြစ်ပြီး သစ်ပင်တွေနဲ့ လမ်းမီးတိုင် ၁၂ တိုင်လည်း လဲကျခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသုရလင်းက ပြောပါတယ်။
"သစ်ပင်တွေ လဲကုန်တယ်၊ လမ်းမီးတိုင်တွေ လဲကုန်တယ်။ မိုးကြိုးပစ်လို့ နွား ၅ ကောင် သေဆုံးသွားတယ်။ လူနေအိမ်တွေ အမိုးလန် ပျက်စီးတယ်။ လေဘေးသင့်သူတွေကိုတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေနဲ့ စီစဉ်ပြီး သင့်တော်ရာကို နေရာချထားပေးပါတယ်။"
ကနဦးသတင်းတွေအရ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ၁၇၃ သိန်းကျော်တယ်လို့ ခန့်မှန်းထားပါတယ်။
သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ-မြို့နယ်မီးသတ်တပ်ဖွဲ့