ဆည်နှစ်ခု ရေခန်းခြောက်လာ၍ မော်လမြိုင်မြို့ကို ၂ ပတ်ခန့်သာ ရေပေးဝေနိုင်တော့မည်
DVB
·
May 9, 2020
မွန်ပြည်နယ် မော်လမြိုင်မြို့ကို အဓိက ရေဖြန့်ဝေပေးနေတဲ့ ရွှေနတ်တောင်ဆည်နဲ့ ကင်းမွန်ခြုံဆည်ရေ ခန်းခြောက်လာလို့ နောက်နှစ်ပတ်လောက်ပဲ ရေဖြန့်ဝေပေးနိုင်တော့မယ်လို့ သိရပါတယ်။
မော်လမြိုင်မြို့ကို ရွှေနတ်တောင်ဆည်၊ ကင်းမွန်ခြုံဆည်နဲ့ အတ္တရံမြစ်ရေတင် စီမံကိန်းတွေကနေ ရေဖြန့်ဝေပေးနေပါတယ်။
မော်လမြိုင်မြို့ကို နေ့စဉ်ဖြန့်ဝေပေးနေတဲ့ ရေဂါလန် သိန်း ၅၀ မှာ ရေဂါလန် သိန်း ၄၀ လောက်ကို ရွှေနတ်တောင်ဆည်နဲ့ ကင်းမွန်ခြုံဆည် နှစ်ခုကနေ ရရှိနေတာပါ။
ဒါပေမဲ့ အဲဒီဆည်နှစ်ခု ရေခန်းခြောက်လာလို့ နောက်နှစ်ပတ်လောက်အထိပဲ ရေဖြန့်ဝေပေးနိုင်တော့မယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တွဲဖက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။
ရွှေနတ်တောင်ဆည်နဲ့ ကင်းမွန်ခြုံဆည်ရေ ခန်းခြောက်လာမှုနဲ့အတူ မိုးရွာသွန်းမှုရှိရင် နောက်နှစ်ပတ်ကျော်လောက်မှာ မော်လမြိုင်မြို့ရဲ့ မြို့ပေါ် ရပ်ကွက်ကြီး ၁၂ ခုမှာ ရေပြတ်လပ်မှုနဲ့ ကြုံတွေ့လာနိုင်ပါတယ်။
ဒါကြောင့် ရေပြတ်လပ်မှု မကြုံတွေ့ရအောင် ရေကို ချွေတာပြီး သုံးစွဲပေးကြဖို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တွဲဖက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက မေတ္တာရပ်ခံလိုက်ပါတယ်။
လက်ရှိမှာတော့ မော်လမြိုင်မြို့ပေါ် ရပ်ကွက်တွေ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့အတွက် အတ္တရံမြစ်ရေတင် စီမံကိန်းတွေကနေ ရေဂါလန် သိန်း ၂၀ လောက် ထုတ်ယူဖြန့်ဝေသွားဖို့ စီစဉ်နေတာပါ။
မော်လမြိုင်မြို့ကို ရေဖြန့်ဝေပေးနေတဲ့ ဆည်ရေကန်တွေဟာ မြေသားနံရံတွေသာ ဖြစ်နေတဲ့အတွက်ကြောင့် ဆည်ကို စနစ်တကျ ပြင်ဆင်မွမ်းမံတာအပြင် သောက်သုံးရေအတွက် စီမံကိန်းတခု ဆောင်ရွက်သွားဖို့ လိုတယ်လို့ သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောပါတယ်။
မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ နှစ်စဉ် ရေရှားပါးမှု အခက်အခဲကို ဖြေရှင်းဖို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB ချေးငွေနဲ့ မော်လမြိုင် အတ္တရံမြစ်ရေသန့်စင် စီမံကိန်းအသစ်တခုကို ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်ကစပြီး စတင် အကောင်အထည် ဖော်နေတာပါ။ အဲဒီစီမံကိန်း ပြီးစီးသွားရင် မော်လမြိုင်မြို့မှာ လိုအပ်နေတဲ့ ရေဂါလန် သိန်း ၄၀ ကျော်ကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဇော်လွင်ထွဋ်