Mask များ တနိုင်တပိုင်ချုပ်ပြီး အခြေခံလူတန်းစားများကို လှူဒါန်းပေးနေသူ (ဓာတ်ပုံ)
DVB
·
May 9, 2020
မြောက်ဒဂုံ ၄၀ ဈေးထဲမှာ အထည်ဆိုင်ဖွင့်ထားတဲ့ ဒေါ်မြမြဝင်းဟာ Mask လေးတွေ တနိုင်တပိုင်ချုပ်ပြီး လက်လုပ်လက်စားတွေ၊ အခြေခံလူတန်းစားတွေကို လိုက်လံလှူဒါန်းနေပါတယ်။
အသက် ၅၅ နှစ်ရှိပြီး မိသားစုဝင် ၁၁ ယောက်ရှိတဲ့ အိမ်ထောင်စုရဲ့ စားဝတ်နေရေးအတွက် မြောက်ဒဂုံ ၄၀ ဈေးထဲမှာ အထည်ဆိုင်ဖွင့်ပြီး အိမ်မှာတနိုင်တပိုင် မိသားစု ချုပ်ထည်လုပ်ငန်းလေးကို လုပ်ကိုင်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်တဲ့ အချိန်ကစပြီး အရောင်းအဝယ်တွေ လုပ်ငန်းတွေ အဆင်မပြေတဲ့အတွက် Mask ချုပ်တဲ့လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်လိုက်ပါတယ်။ Mask တွေကို တနိုင်တပိုင်ချုပ်ပြီး အခြေခံလူတန်းစားတွေအတွက် သင့်တင့်တဲ့ဈေးနဲ့ရောင်းသလို လှူဒါန်းတာတွေလည်း လုပ်ပါတယ်။
ပထမဦးဆုံး Mask တွေကို ဈေးနားမှာရှိတဲ့ လူတွေကို လှူဒါန်းပြီး နောက်ပိုင်းမှာ အားတဲ့အချိန်တွေမှာတော့ မတတ်နိုင်တဲ့လူတွေကို လိုက်လံလှူဒါန်းနေတာပါ။
အထည်ချုပ်လုပ်ငန်းကနေ Mask ချုပ်တဲ့လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်တဲ့အခါမှာ အခက်အခဲတွေရှိပေမယ့် တကယ် စံချိန်းစံညွှန်းဝင်တဲ့ Mask တွေကို စနစ်တကျချုပ်ပြီး ရောင်းချင်တယ်လို့ သူက ဆိုပါတယ်။
ဒေါ်မြမြဝင်းတယောက် အထည်ချုပ်လုပ်ငန်းနဲ့ အဝတ်အထည်ရောင်းတဲ့ လုပ်ငန်းကနေ Mask ချုပ်တဲ့လုပ်ငန်းကို ပြောင်းလဲလိုက်ပေမယ့် အရင်လိုအဝတ်အထည်တွေ ရောင်းကောင်းတဲ့ အချိန်ပြန်ရောက်ဖို့ကို မျှော်လင့်စောင့်စားနေပါတယ်။
Photo - Ye Myo Khant / MPA