Homeမြန်မာသတင်း
ခွင့်ပြုချက်ဖြင့်ပြန်ဖွင့်သည့် စက်ရုံအချို့ ကိုဗစ်-၁၉ ကျန်းမာရေးအကြံပြုချက် လိုက်နာရန်ပျက်ကွက်
ခွင့်ပြုချက်ဖြင့်ပြန်ဖွင့်သည့် စက်ရုံအချို့ ကိုဗစ်-၁၉ ကျန်းမာရေးအကြံပြုချက် လိုက်နာရန်ပျက်ကွက်
DVB
·
May 7, 2020
ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုချက်နဲ့ ပြန်ဖွင့်နေတဲ့ စက်ရုံအလုပ်ရုံတွေထဲမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့အကြံပြုချက်ကို လိုက်နာဖို့ ပျက်ကွက်တဲ့ စက်ရုံအလုပ်ရုံအချို့ ရှိနေတယ်လို့ သိရပါတယ်။
အဲ့လိုလိုက်နာဖို့ ပျက်ကွက်တဲ့ စက်ရုံအလုပ်ရုံတွေနဲ့ပတ်သက်ပြီး အလုပ်သမားတွေက အလုပ်သမားအဖွဲ့စည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို တိုင်ကြားတာတွေရှိနေတယ်လို့ လိူင်သာယာမြို့နယ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။
"ကျန်းမာရေးရဲ့ သတ်မှတ်အကြံပြုချက်နဲ့ ကိုက်ညီမူမရှိလို့ ပြန်လာစစ်ပေးပါဆိုပြီး တိုင်တာတွေက ဒီရက်ပိုင်း ဆက်တိုက်လိုလို ဖုန်းဆက်ပြောတာတွေရှိတယ်။ ကျနော်တို့အနေနဲ့လည်း ဒါတွေကိုပြန်စစ်ပေးစေလိုတယ်။ မြေပြင်အခြေအနေ တကယ်လိုက်နာ မှု ရှိမရှိက ပြန်လည်းစစ်သင့်တယ်။ ကျနော်တို့ကိုယ်တိုင်လည်း မညီတာတွေကို တွေ့တာတွေရှိတယ်၊ စက်ရုံနာမည်တွေမှတ်ပြီး သက်ဆိုင်ရာဌာနတွေကို ပြန်စစ်ဖို့ပြောရတာတွေရှိတယ်။"
စက်ရုံအလုပ်ရုံတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အလုပ်သမားလူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွေက ကြီးကြပ်ပြီး ဧပြီ ၂၀ ရက်နေ့က စတင်စစ်ဆေးနေတာပါ။
ရန်ကုန်တိုင်းမှာဆို မတ် ၆ ရက်နေ့အထိ စစ်ဆေးပြီးတဲ့ စက်ရုံအရေအတွက် ၃၀၀၀ ကျော်ရှိပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားတဲ့ စက်ရုံအရေအတွက်ကတော့ ၂၆၀၀ လောက်ရှိလာပါပြီ။
ဇာခြည်