တရုတ်နိုင်ငံက ပြန်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၉၂ ဦးကို မိုင်းယန်းသို့လွှဲပေး
DVB
·
May 6, 2020
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကနေ ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသား ၄၉၂ ယောက်ကို အထူးဒေသ ၄ နယ်မြေ ဆီလူးဒေသမှာ facility quarantine ၂၁ ရက် ထားရှိခဲ့ရာမှာ စောင့်ကြည့်ကာလ ပြည့်သွားတာကြောင့် မိုင်းယန်းမြို့အုပ်ချုပ်ရေးအာဏာပိုင်တွေထံ ဒီနေ့မနက်က လွှဲပြောင်းပေးလိုက်ပါတယ်။
မိုင်းယန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကိုကိုဇော်က “အားလုံး ၄၉၂ ယောက်ပါ။ ရခိုင်ပြည်နယ်ထဲက အများဆုံးပါတယ်။ ဖရဲ၊ သခွားခြံလုပ်သားတွေပါ။ အထူးဒေသ ၄ နယ်မြေကို ရောက်လာတော့ ဆီလူးဒေသမှာ facility quarantine ၂၁ ရက် ဝင်ခိုင်းထားပြီး ကျန်းမာရေးစောင့်ကြည့်ခံထားရသူတွေပါ” လို့ ပြောပါတယ်။
မြန်မာ-တရုတ်နယ်စပ်ဒေသ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်သူအများစုဟာ ရခိုင်တိုင်းရင်းသားတွေဖြစ်ပြီး ဒုတိယအများဆုံးကတော့ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားတွေ ဖြစ်ပါတယ်။
အထူးဒေသ ၄ အနေနဲ့ အစိုးရဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းကာ နယ်စပ်က ပြန်လာသူတွေကို သတ်မှတ်နေရာတွေမှာ ၂၁ ရက် facility quarantine ထားရှိပြီး COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိအောင် စီမံဆောင်ရွက်နေတာ ဖြစ်ပါတယ်။
သတင်း- အောင်ဇေယျ