တရုတ်နယ်စပ်မှ ပြန်လာသည့်အလုပ်သမားများထဲ ရခိုင်ပြည်နယ်က အများဆုံးဖြစ်
DVB
·
May 3, 2020
တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ မိုင်းလားအထူးဒေသ ၄ တို့ကနေ မိုင်းယန်းမြို့ကို လွှဲပြောင်းပေးတဲ့ ရွှေ့ပြောင်းလုပ်သား ၃၆၉ ဦးထဲမှာ ရခိုင်ပြည်နယ်က အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလုပ်သားတွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ဆက်စပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နယ်နဲ့ မိုင်းလားအထူးဒေသ (၄) နယ်မြေတွေမှာ စိုက်ပျိုးရေးခြံလုပ်သားများအဖြစ် လုပ်ကိုင်နေကြတာပါ။
နေရပ်ပြန် ရွှေ့ပြောင်းလုပ်သား ၃၆၉ ဦးကို အထူးဒေသ (၄) နယ်မြေ ဆီလူးမြို့မှာ Facility Quarantine ၂၁ ရက် ဝင်ရောက်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ကာ မေ ၃ ရက်နေ့ မနက်ပိုင်းက မိုင်းယန်းမြို့ကို လာရောက်ပို့ဆောင် လွှဲပြောင်းပေးခဲ့ပါတယ်။
မိုင်းယန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကိုကိုဇော်က “ဒါက တတိယအသုတ်ပါ။ နယ်စပ်မှာပဲ Quarantine ၂၁ ရက်ပြည့်လို့ ဆီလူးဒေသ အာဏာပိုင်တွေက မိုင်းယန်းကို ပို့ဆောင်လွှဲပြောင်းပေးခဲ့တာပါ။ အသုတ်တိုင်းမှာ ရခိုင်ပြည်နယ်က လူအများဆုံးပါပဲ။ ကျန်းမာရေး၊ လုံခြုံရေးကိစ္စရပ်တွေကိုတော့ သက်ဆိုင်ရာအလိုက်ပဲ စိစစ်မှုတွေ လုပ်နေပါတယ်” လို့ ပြောပါတယ်။
နေရပ်ပြန် ရွှေ့ပြောင်းလုပ်သား ၃၆၉ ဦးအနက် ရှမ်းပြည်နယ်မှ ၅၅ ဦး၊ စစ်ကိုင်းတိုင်းမှ ၁၀ ဦး၊ မကွေးတိုင်းမှ ၈ ဦး၊ ပဲခူးတိုင်းမှ ၁၃ ဦး၊ ဧရာဝတီတိုင်းမှ ၅ ဦး၊ ရန်ကုန်တိုင်းမှ ၁ ဦး၊ မွန်ပြည်နယ်မှ ၁ ဦး နဲ့ ရခိုင်ပြည်နယ်မှ ၂၇၆ ဦး ပါဝင်ပါတယ်။
ဒေသအာဏာပိုင်တွေအနေနဲ့ ပြန်လည်ဝင်ရောက်လာသူ ရွှေ့ပြောင်းလုပ်သား အများစုမှာ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးက ရခိုင်တိုင်းရင်းသားတွေ အများဆုံး ပါဝင်နေတာကြောင့် သက်ဆိုင်ရာဌာနအလိုက် စိစစ်မှုတွေ ဆောင်ရွက်နေကြတယ်လို့လည်း သိရပါတယ်။
အောင်ဇေယျ