လူနာ အမှတ် ၅၃ ကို တတိယအကြိမ်စစ်ဆေးချက်အရ COVID-19 ရောဂါပိုးမတွေ့
DVB
·
May 2, 2020
မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာ ကုသပေးနေတဲ့ မြို့သစ်မြို့နယ်ထဲက လူနာအမှတ် ၅၃ ကို မေ ၁ ရက်နေ့က တတိယအကြိမ် ဓာတ်ခွဲစစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး မတွေ့ရဘူးလို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
မကွေးတိုင်း ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက "မကွေးတိုင်း ပြည်သူ့ဆေးရုံ သီးခြားဆောင်မှာ ကြပ်မတ်ကုသပေးနေတဲ့ လူနာအမှတ် ၅၃ ရဲ့ နှာခေါင်းတို့ဖတ်၊ လည်ချောင်းတို့ဖတ်တို့ကို တတိယအကြီမ် ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးရာမှာ COVID-19 ရောဂါပိုးမတွေ့ရတော့ဘူး။ လူနာကို တရက် နှစ်ရက်အတွင်း ဆေးရုံ ဆင်းခွင့်ပေးမှာဖြစ်ပြီး နေအိမ်မှာ Home Quarantine ၇ ရက်နေခိုင်းပြီးမှ လွတ်လပ်စွာ သွားလာလို့ ရမှာပါ" လို့ ဒီဗွီဘီကိုပြောပါတယ်။
မကွေးတိုင်းအတွင်းက ဆေးရုံတွေမှာ စောင့်ကြည့်/သံသယလူနာ ၁၄၈ ဦးကို ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးမတွေ့ရှိရဘဲ ပြည်ပကပြန်ဝင်လာသူတွေကို ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးရာမှာတော့ မြို့သစ်မြို့နယ်ထဲက COVID-19 အတည်ပြုလူနာ ၁ ဦးတွေ့ရှိခဲ့တာလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
မကွေးတိုင်အတွင်းက ဆေးရုံတွေမှာ မေ ၁ ရက်နေ့ထိ အတည်ပြုလူနာ ၁ ဦးအပါအဝင် စောင့်ကြည့်/သံသယလူနာ ၂၂ ဦး တက်ရောက်ကုသနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မင်းထီး