Homeမြန်မာသတင်း
မကွေးတိုင်းက COVID-19 လူနာ အမှတ် ၅၃ ကျန်းမာရေးကောင်းမွန်၊ ဒုတိယအကြိမ်ဓာတ်ခွဲနမူနာပေးပို့ထား
မကွေးတိုင်းက COVID-19 လူနာ အမှတ် ၅၃ ကျန်းမာရေးကောင်းမွန်၊ ဒုတိယအကြိမ်ဓာတ်ခွဲနမူနာပေးပို့ထား
DVB
·
April 24, 2020
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့ Quarantine စင်တာက COVID-19 ရောဂါပိုး တွေ့ရှိခဲ့တဲ့ လူနာ နံပတ် ၅၃ ဟာ ကျန်းမာရေးကောင်းမွန်နေပြီး ဓာတ်ခွဲနမူနာ ထပ်မံပေးပို့ထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကသိရပါတယ်။
လူနာကို မကွေးဆေးရုံကြီးမှာ သီးခြားစီစဉ်ထားတဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေပြီး ကျန်းမာရေးကောင်းမွန်နေတယ်လို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
" လူနာအမှတ် ၅၃ ရဲ့ နှာခေါင်းတို့ဖတ်၊ လည်ချောင်းတို့ဖတ်တို့ရယူကာ ဧပြီလ ၂၃ ရက်နေ့ညကဒုတိယကြိမ်မြောက် ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးနေပါတယ်။ လူနာနဲ့ ထိတွေ့ ဆက်စပ်ခဲ့သူတွေကို စစ်ဆေးရာမှာတော့ COVID-19 ရောဂါပိုး တစ်ဦးမှ မတွေ့ရဘူး။ ဒါအပြင် မကွေးတိုင်းဒေသကြီးအတွင်းက ဆေးရုံတွေမှာ Hospital Quarantine ပြုလုပ်ပေးထားတဲ့ စောင့်ကြည့် လူနာတွေမှာလည်း COVID-19 ရောဂါပိုး မတွေ့ရှိပါဘူး”လို့ ဒီဗွီဘီကိုပြောပါတယ်။
မကွေးတိုင်းကို ပြည်ပနိုင်ငံတွေကနေ လူပေါင်း ၁၄၀၀၀ လောက် ပြည်လည် ဝင်ရောက်လာကာ Facility Quarantine ပြုလုပ်ပေးထားခဲ့ပါတယ်။
လက်ရှိမှာတော့ စောင့်ကြည့်ကာလ ၂၁ ရက်ပြည့်ကာ နေရပ်ပြန်ခွင့်ရပြီဖြစ်လို့ မကွေးမြို့ Quarantine စင်တာတွေမှာ ပြည်ပက ပြန်လာသူတွေ မရှိတော့ဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
သတင်း-မင်းထီး