မကွေးတိုင်း၌ ဧပြီလအတွင်း လေပြင်း ၃၃ ကြိမ်တိုက်ခတ်၊ လူဦးရေ ၂၇၀၀ ကျော်လေဘေးသင့်
DVB
·
May 1, 2020
မကွေးတိုင်းဒေသကြီးမှာ ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှု ၃၃ ကြိမ်ဖြစ်ပွားပြီး လူဦးရေ ၂၇၀၀ ကျော် လေဘေးသင့်ခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ပြောပါတယ်။
မကွေးတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက “လေပြင်းတိုက်ခတ်တဲ့အတွက် ပြိုကျပျက်စီးတဲ့ လူနေအိမ် ၁၇ လုံး၊ တစိတ်တပိုင်း ပျက်စီးတဲ့ အိမ်ခြေ ၆၂၃ လုံးနဲ့ ဘာသာရေးအဆောက်အုံ ၈ လုံး၊ တစိတ်တပိုင်း ပျက်ဆီးခဲ့ပါတယ်။ လေဘေးသင့် ပြည်သူတွေအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောင်ပစ္စည်းဖိုးနဲ့ ဆန်ရိက္ခာဖိုးငွေ ၂၃၈၁၉၅၀၀ ကျပ်ဖိုး ထောက်ပံ့ပေးထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မကွေးတိုင်းအတွင်း အခုလို ရာသီမျိုးမှာ နှစ်စဉ်လေပြင်းကျရောက်လေ့ရှိပြီး လေဘေးသင့်ပြည်သူတွေကို အချိန်မီထောက်ပံ့တာတွေ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
မင်းထီး