ကနီမြို့နယ်ရှိ ကွင်းလမ်းတံတားကျိုးကျ၊ ကုန်ကား ၁ စီး ရေထဲမျောပါ
Aung Ko Latt
·
May 1, 2020
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ လာပို့ကျေးရွာနဲ့ မင်းကင်းမြို့တို့ကို ဆက်သွယ်ထားတဲ့ လမ်းပေါ်ရှိ ယင်းသွင်ကျေးရွာအနီးက မုန်းတုန်းချောင်းကူး ကွင်းလမ်းယာယီတံတားဟာ ဧပြီ ၃၀ ရက်ညနေပိုင်းက ကျိုးကျပြီး ကုန်ကား တစီး ရေစီးနဲ့ မျောပါသွားပါတယ်။
ဘေလီတံတားက ခိုင်ခံ့မှုမရှိလို့ အသစ်တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့အတွက် ကွင်းလမ်းဖောက်လုပ်ထားပြီး ချောင်းကူးကိုလည်း ယာယီတံတားထိုးထားတာဖြစ်ပါတယ်။
ချောင်းကိုဖြတ်ကူးစဉ်မှာ မိုးရွာလို့ ချောင်းရေကျချိန်လည်း ဖြစ်နေတဲ့အတွက် ရေစီးနဲ့ မျောပါသွားတာလို့ ကနီမြို့နယ်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
"တံတားက အထူးအဖွဲ့ ၂ က ပြင်နေတာ။ အဲဒီတံတားက ကျိုးတော့မှာဆိုတော့ ကွင်းလမ်းဖောက်တာ။ ကွင်းလမ်းပေါ်မှာ ယာယီတံတားရှိတယ်။ ဒီနေ့မိုးကသည်းတော့ ချောင်းရေကလည်း ကျတာ၊ တံတားက မခိုင်တာ။ ရေစီးနဲ့က တော်တော်လေးကို မျောသွားတယ်။ လောလောဆယ်တော့ အနီးအနားက ရွာတွေက ကုန်တွေကူပြီး သယ်ပေးနေကြတယ်။"
ကုန်ကားက ၆ ဘီးကားဖြစ်ပြီး မုံရွာကနေ ကုန်အပြည့်နဲ့ ကလေးမြို့ကို ပြန်တာဖြစ်ပြီး မတော်တဆမှုကြောင့် ကားပေါ်ပါ လူတွေတော့ ထိခိုက်သေဆုံးတာ မရှိဘူးလို့ သိရပါတယ်။
ညနေ ၆ နာရီဝန်းကျင်အထိတော့ တံတားအနီးမှာ ကားအစီး ၃၀ လောက်ပိတ်မိနေပါတယ်။
လာပို့-မင်းကင်းလမ်းပေါ်မှာ ပြင်စရာတံတားက ၆ စင်းရှိကာ အခုတံတားအပါအဝင် မြင်းအောချောင်းကူးတံတားအတွက်လည်း ဘတ်ဂျက်ကျထားပြီး မြင်းအောတံတားကတော့ ပြီးစီးနေပြီဖြစ်ပါတယ်။ မေလ ၇ ရက်နေ့ကို မုန်းတုန်းချောင်းကူးတံတားအတွက် တင်ဒါဖွင့်ဖို့လည်း စီစဉ်နေတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း မြင်းအောချောင်းတံတားပေါ် ၆ ဘီးကားတစီး ဖြတ်သွားစဉ် ကျိုးကျခဲ့ပါသေးတယ်။
လာပို့-မင်းကင်းလမ်းက မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းနဲ့ ဆက်သွယ်ထားပြီး မုံရွာ-မင်းကင်းကို အဓိက ဆက်သွယ်တဲ့ လမ်းကြောင်းတခုလမ်းဖြစ်ပါတယ်။