Case-01 အပါအဝင် ရောဂါပိုးကင်းစင်ပြန်ကောင်းလာသူ ၁၇ ဦး ဆေးရုံကဆင်း
DVB
·
April 30, 2020
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိတဲ့အကြောင်းနဲ့ ရောဂါပိုးကင်းစင် ပြန်ကောင်းလာလို့ ဆေးရုံကဆင်းလာသူစုစုပေါင်း ၁၇ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီအချိန်မှာ ထုတ်ပြန်ပါတယ်။
မြန်မာပြည်ရဲ့ ပထမဆုံး COVID-19 အတည်ပြုလူနာ အသက်(၃၆)နှစ်အရွယ် Case-01 ဟာ ချင်းပြည်နယ် တီးတိန်ဆေးရုံမှာ တစ်လကျော်ကြာ ကုသမှုခံယူပြီး ဒီနေ့မှာ ဆေးရုံက ဆင်းခွင့်ရရှိပြီဖြစ်ပါတယ်။
ဆေးရုံကဆင်းသွားသူတွေအနေနဲ့ သူတို့ရဲ့နေအိမ်တွေမှာ အသွားအလာ ဆက်လက်ကန့်သတ်ထားရှိမှာ ဖြစ်ပါတယ်။
ဒီနေ့ညနေမှာ ဆေးသုတေသနဦးစီးဌာန (DMR) က စစ်ဆေးပြီးစီးခဲ့တဲ့ စောင့်ကြည့်လူနာ ၂၉ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးရာမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိဘူးလို့ ဆိုပါတယ်။
ဧပြီ ၃၀ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၅၀ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ နှစ်ကြိမ်ဆက်တိုက် ပိုးကင်းစင်လာသူ စုစုပေါင်း ၂၈ ဦးရှိသွားပြီလို့လည်း ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။