Homeမြန်မာသတင်း
မကွေးတိုင်းအတွင်း သေဆုံးသွားသည့် စောင့်ကြည့် လူနာ ၁၉ ဦးတွင် COVID-19 ရောဂါပိုး မတွေ့ရှိ
မကွေးတိုင်းအတွင်း သေဆုံးသွားသည့် စောင့်ကြည့် လူနာ ၁၉ ဦးတွင် COVID-19 ရောဂါပိုး မတွေ့ရှိ
DVB
·
April 30, 2020
မကွေးတိုင်းဒေသကြီးရှိ ဆေးရုံတွေမှာ ဖေဖော်ဝါရီလကနေ ဧပြီလကုန်အတွင်း သေဆုံးခဲ့တဲ့ စောင့်ကြည့်လူနာ ၁၉ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး မတွေ့ရှိရဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက "မကွေးတိုင်းအတွင်းက ဆေးရုံတွေမှာ စောင့်ကြည့် လူနာ ၁၄၈ ဦး တက်ရောက်ကုသခဲ့ပြီး ၁၉ ဦးသေဆုံးခဲ့တာပါ။ သေဆုံးခဲ့တဲ့သူတွေအပါအဝင် စောင့်ကြည့် လူနာအားလုံးရဲ့ နှာခေါင်းတို့ဖတ် ၊ လည်ချောင်းတို့ဖတ်တွေ ရယူပြီး ဓာတ်ခွဲနမူနာ ပေးပိုးစစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးမတွေ့ရှိပါဘူး။ သေဆုံးခဲ့တဲ့ လူနာတွေဟာ အသက် ၆၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး အသည်းခြောက်၊ နှလုံးရောဂါအပြင် ပြင်းထန်တဲ့ နောက်ခံရောဂါတွေကြောင့် သေဆုံးခဲ့ကြတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှာ COVID-19 ရောဂါနဲ့ ဆေးကုသမှုခံယူနေတဲ့ လူနာအမှတ် ၅၃ ဟာလည်း ကျန်းမာရေး ကောင်းမွန်နေပြီး ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး မတွေ့ရှိရဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
မင်းထီး