Homeမြန်မာသတင်း
ချန်းရိဖိနပ်စက်ရုံက ကိုဗစ်-၁၉ လူနာ အမှတ် ၁၄၄ နှင့်နီးစပ်သူ ၁၀၀ ကျော်ထံမှ ဓာတ်ခွဲနမူနာယူ
ချန်းရိဖိနပ်စက်ရုံက ကိုဗစ်-၁၉ လူနာ အမှတ် ၁၄၄ နှင့်နီးစပ်သူ ၁၀၀ ကျော်ထံမှ ဓာတ်ခွဲနမူနာယူ
ပိုင်စိုး
·
April 27, 2020
အလုပ်သမား ၈၀၀၀ လောက်ရှိတဲ့ ချန်းရိဖိနပ်စက်ရုံက ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ် ၁၄၄ နဲ့ နီးစပ်သူ ၁၀၀ ကျော်ဆီက ဓာတ်ခွဲနမူနာကို ယူထားပြီး တခြားသူတွေဆီက ဓာတ်ခွဲနမူနာတွေကိုလည်း ထပ်ယူမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီ ၂၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန်မှာရှိတဲ့ “ချန်းရိ” ဖိနပ်စက်ရုံက စကားပြန်ဝန်ထမ်းဟာ မိုးညှင်းမြို့ကို ရောက်ပြီးနောက်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတာ တွေ့ရတာကြောင့် လူနာအမှတ် ၁၄၄ အဖြစ် သတ်မှတ်ပြီး မြစ်ကြီးနားဆေးရုံကို လွှဲပြောင်း ကုသပေးနေပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာတွေ့တာနဲ့ ပတ်သက်လို့ ဧပြီ ၂၅ ရက်က ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဦးဆောင်တဲ့အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ လူနာအမှတ် ၁၄၄ ဟာ အဲဒီစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ တရုတ်လူမျိုးစက်ပြင်ဆရာရဲ့စကားပြန် အနေနဲ့ မတ် ၂ ရက်မှာ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဧပြီ ၁၅ ရက်အထိ လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၄ ရက်မှာ ဖျားတာ၊ ချောင်းဆိုးတာတွေ ဖြစ်လာလို့ စက်ရုံကဆေးခန်းမှာ ပြခဲ့ပြီး ဧပြီ ၇ ရက်နေ့မှာ အပြင်က ဆေးခန်းတခုကို သွားရောက်ပြသခဲ့ပါတယ်။ ဧပြီ ၁၅ ရက်မှာတော့ ရန်ကုန်ကနေ မိုးညှင်းမြို့ကို ကမာရွတ်မြို့နယ်မှာနေထိုင်သူတယောက်ရဲ့ကားနဲ့ နှစ်ယောက်တည်း သွားခဲ့ပါတယ်။
ဧပြီ ၁၆ ရက်မှာတော့ မိုးညှင်းမြို့က သတ်မှတ်နေရာမှာ Facility Quarantine ဝင်ခဲ့ပြီး ၁၉ ရက်နေ့မှာတော့ ဖျားတာ၊ ချောင်းဆိုးတာနဲ့ အစားအသောက်ပျက်တာတွေကြောင့် မိုးညှင်းဆေးရုံ Isolation Ward မှာ ဆေးရုံတက်ခဲ့ရပါတယ်။
လူနာဟာ သူ့ရဲ့အလုပ်ခန်းမှာပဲ အလုပ်လုပ်တာကြောင့် အဲဒီအခန်းမှာလုပ်ကိုင်တဲ့ စက်ရုံဝန်ထမ်းတချို့၊ သူနေထိုင်တဲ့အဆောင်က အခန်း ၁၇ ခန်းမှာ နေထိုင်သူတချို့က လွဲပြီး တခြားစက်ရုံဝန်ထမ်းတွေနဲ့ထိတွေ့တာ မရှိဘူးလို့ ဆိုပါတယ်။
ကွင်းဆင်းအဖွဲ့ရဲ့အစီအစဉ်နဲ့ ဧပြီ ၂၅ ရက်မှာ အနီးကပ်ထိတွေ့သူတွေကို ရန်ကုန်က သတ်မှတ်ထားတဲ့ Facility quarantine ကိုပို့ပြီး ၈ ယောက်ရဲ့ ဓာတ်ခွဲနမူနာကိုယူပြီး စစ်ဆေးရာမှာ ပိုးမတွေ့ခဲ့ရပါဘူး။
ဧပြီ ၂၆ ရက်က လူနာနေထိုင်တဲ့အဆောင်က အခန်း ၁၇ ခန်းမှာ နေထိုင်သူ ၄၅ ယောက်နဲ့ စက်ရုံက နိုင်ငံခြားသားအယောက် ၇၀ တို့ရဲ့ ဓာတ်ခွဲနမူကိုယူခဲ့ပြီး ဒီနေ့ ဧပြီ ၂၇ ရက်မှာတော့ တခြားအနီးကပ်ထိတွေ့ခဲ့သူတွေဆီက နမူနာယူပြီး စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
အဲဒီစက်ရုံကို ဧပြီ ၂၂ ရက်နေ့မှာ ကျွမ်းကျင်မှုဆိုင်ရာပူးပေါင်းအဖွဲ့ဝင်တွေပါတဲ့ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး အကြံပြုချက်တွေအတိုင်းပြုပြင်ပြီး လုပ်ငန်းလည်ပတ်ဖို့ သင့်လျော်တယ်လို့ အကဲဖြတ်ချက်ပေးခဲ့တာပါ။