မဟာအောင်မြေမြို့နယ်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၆ ဦးကို ထောင်ဒဏ် ၁ လစီ ချမှတ်
DVB
·
April 25, 2020
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်တဲ့ အမျိုးသား ၆ ဦးအား ဧပြီ ၂၄ ရက်နေ့မှာ မြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သိရပါတယ်။
ဧပြီလ ၂၃ ရက်နေ့ ညက တာဝန်ရှိသူတွေ လှည့်ကင်းဆောင်ရွက်နေကြစဉ် စင်္ကြာနွယ်စဉ် ၁ ရပ်ကွက်၊ ၇၅ လမ်းနှင့် ၇၆ လမ်းကြား၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြား၊ အနောက်ဗလီဝင်းအရောက် လမ်းမပေါ်မှာ အရက်သေစာ သောက်စားကာ သွားလာနေတဲ့ ကျော်ထွန်းဝင်း(ခ)ငပေါ်၊ ကမ်းနားလမ်းအတိုင်း သွားလာနေတဲ့ အောင်ထွန်းဆွေ၊ ဇော်လတ်နဲ့ ကျော်နိုင်စိုး၊ သံလျက်မှော် အနောက်ရပ်ကွက်၊ ၄၁ လမ်း၊ မိုးကောင်းကျောင်းတိုက်အနီးမှာ စောလင်းအောင်နဲ့ ထွန်းဝင်းထက်တို့အား တွေ့ရှိခဲ့တဲ့အတွက် ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်တာ ဖြစ်လို့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ နဲ့ မဟာအောင်မြေမြို့နယ်တရားရုံးမှာ တရားရုံးဦးတိုက်လျှောက် တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။
ထုတ်ပြန်ထားတဲ့အမိန့်ကို ဖောက်ဖျက်ကျူးလွန်တဲ့အတွက် အဲဒီ ၆ ဦးကို မဟာအောင်မြေမြို့နယ်တရားရုံးကနေ ဧပြီလ ၂၄ ရက်နေ့က ထောင် ၁ လစီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်ခဲ့တဲ့ အမျိုးသား ၇ ဦးကိုလည်း ဧပြီလ ၂၃ ရက်နေ့က မဟာအောင်မြေမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ထိန်ထိန်လင်း