ရေးမြို့နယ် ကော့ဒွတ်ရွာ Quarantine စခန်းတွင် စည်းကမ်းမလိုက်နာသူကို ထောင် ၃ လချ
DVB
·
April 22, 2020
မွန်ပြည်နယ် ရေးမြို့နယ် ကော့ဒွတ်ကျေးရွာ အ.ထ.က ရှိ quarantine စခန်းမှာ စည်းကမ်းအတိုင်း လိုက်နာခြင်းမရှိလို့ဆိုပြီး အသက် ၃၂ နှစ်အရွယ် မျိုးနိုင်ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၃ လ ကျခံဖို့ မြို့နယ် တရားရုံးမှာ အမိန့်ချလိုက်ပါတယ်။
ဧပြီ ၁၈ ရက် ညနေ ၆ နာရီလောက်က စခန်းမှာ နေထိုင်စဉ်က မျိုးနိုင်ဦးဟာ ကျောင်းပိုင်ပစ္စည်း ပလပ်စတစ်ထိုင်ခုံတွေ ရိုက်ချိုးဖျက်ဆီးတာ၊ သစ်သားခုံတန်းရှည်တွေကို ဖျက်ဆီးတာနဲ့ ဆူပူသောင်းကျန်းဆဲဆိုတာတွေ လုပ်ခဲ့တဲ့အပြင် တာဝန်ရှိသူတွေကိုပါ စိတ်အနှောင့်ယှက်ဖြစ်စေတဲ့ အပြုအမူတွေ ပြုလုပ်လာခဲ့လို့ ကျန်းမာရေးဆရာမ ဒေါ်ရည်ရည်မွန်က ရေးမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တဲ့အတွက် မြို့နယ်တရားရုံးက စစ်ဆေးပြီး အမိန့်ချခဲ့တာပါ။
မျိုးနိုင်ဦးဟာ ဧပြီ ၇ ရက်က ထိုင်းကနေ မြန်မာနိုင်ငံကို ပြန်ဝင်ရောက်လာပြီး ရပ်ရွာအခြေပြု အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတဲ့ quarantine စခန်းမှာ ထားရှိစဉ် အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မြို့နယ်တရားရုံးက ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ-၁၈ အရ တရားစီရင်ချက်ချမှတ်ပြီး မော်လမြိုင်မြို့ အကျဉ်းထောင်သို့ ပို့ဆောင်သွားမည်လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။
နေမျိုးထွဋ်