Homeမြန်မာသတင်း
ဒဂုံမြို့သစ်အရှေ့ပိုင်းက COVID-19 လူနာနေထိုင်ရာလမ်းကို Lockdown လုပ်၊ မိသားစုဝင် ၃ ဦးကို စောင့်ကြည့်
ဒဂုံမြို့သစ်အရှေ့ပိုင်းက COVID-19 လူနာနေထိုင်ရာလမ်းကို Lockdown လုပ်၊ မိသားစုဝင် ၃ ဦးကို စောင့်ကြည့်
ညီငယ်
·
April 22, 2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်က COVID-19 အတည်ပြုလူနာ အမှတ် ၁၂၀ (Case ၁၂၀)ရဲ့ မိသားစုဝင် ၃ ဦးကို လှိုင်မြို့နယ်မှာ Quarantine ထားရှိတယ်လို့ ဒဂုံအရှေ့မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က ပြောပါတယ်။
၂၁ နှစ်အရွယ်ရှိတဲ့ အဆိုပါအတည်ပြုလူနာ အမျိုးသမီးဟာ ကုမ္ပဏီဝန်ထမ်းဖြစ်ပြီး ဧပြီလ ၁၀ ရက်ကစတင်ကာ သင်္ကြန်ပိတ်ရက်ကြောင့် သူ နေထိုင်ရာ ဒဂုံအရှေ့မြို့နယ် ၇ ရပ်ကွက်မှာ ရှိနေရာကနေ ရောဂါလက္ခဏာပြလို့ ဧပြီ ၂၀ ရက်က တာမွေမြို့နယ်ရှိ Fever Clinic ကို သွားပြခဲ့ပါတယ်။
အဲဒီနောက် ရန်ကုန်ဆေးရုံကြီးကို သွားပြခဲ့ရာကနေ သူ့ရဲ့ ရောဂါလက္ခဏာကြောင့် တောင်ဥက္ကလာက မိခင်နဲ့ကလေးဆေးရုံ တိုးချဲ့ဆောင်ကို ဆက်လက်ပို့ဆောင်ခဲ့တာပါ။
လက်ရှိမှာ သူ နေထိုင်တဲ့ အိမ်ရှိရာလမ်းကို Lock down လုပ်ထားပြီး သူ့မိသားစုဝင်တဦး သွားခဲ့တဲ့ ရပ်ကွက်ကစျေးကိုလဲ Lockdown လုပ်ထားပါတယ်။
ဒါ့အပြင် သူ အလုပ်လုပ်တဲ့ လုပ်ငန်းခွင်နဲ့ သူ စီးခဲ့တဲ့တက္ကစီကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့ ဒဂုံမြို့သစ် အရှေ့ပိုင်း COVID-19 ကော်မတီက ပြောပါတယ်။