COVID-19 လူနာသစ် ၆ ဦးထပ်တွေ့၊ အတည်ပြုလူနာ စုစုပေါင်း ၁၁၇ ဦးအထိရှိလာ
DVB
·
April 20, 2020
မြန်မာပြည်တွင်း ကလေးမြို့နယ်၊ တီးတိန်မြို့နယ်နဲ့ တာချီလိတ်မြို့နယ်တို့မှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၆ ဦးထပ်မံတွေ့ရှိရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၂၀ ရက် ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။
အဆိုပါ လူနာသစ် ၆ ဦးကတော့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်က အမျိုးသား ၃ ဦးနဲ့ ၁၀ နှစ်အရွယ် မိန်းကလေးငယ်တဦး၊ ချင်းပြည်နယ် တီးတိန်မြို့နယ်က အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်က အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတဦးတို့ ဖြစ်ကြပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဒီကနေ့ ပထမအသုတ်အဖြစ် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၁၈၁ ခုအနက် ၆ ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိရတာဖြစ်ပြီး ကျန်သူတွေကတော့ ရောဂါပိုးမတွေ့ရှိဘူးလို့ ဆိုပါတယ်။
ဒီကနေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၁၇ ဦးရှိသွားပြီဖြစ်ပြီး သေဆုံးသူ ၅ ဦးရှိပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာတွေထဲက ရောဂါပိုးကင်းစင်သူ ၉ ဦးရှိလာခဲ့ပြီး ဆေးရုံကဆင်းသူ စုစုပေါင်း ၆ ဦးရှိတယ်လို့လည်း ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ- MOHS