ညွှန်ကြားချက် မလိုက်နာသည့် ဝန်ထမ်းများရှိ၊ တိုင်ကြားကြရန် သမ္မတရုံး တိုက်တွန်း
DVB
·
April 18, 2020
နိုင်ငံ့ဝန်ထမ်းတွေကို နာရေးမှအပ ခရီးသွားလာခြင်းမပြုကြဖို့ အမိန့်စာထုတ်ထားပေမယ့် သတင်းမပို့ပဲ ခရီးသွားတဲ့ ဝန်ထမ်းတွေရှိနေပြီး အချိန်မီကာကွယ်တားဆီးနိုင်ရေးအတွက် သမ္မတရုံးကို တိုင်ကြားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဝန်ထမ်းတွေအားလုံးကို သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလကနေ နောက်ထပ် အမိန့်မထုတ်ပြန်မချင်း တဝက်တက်-တဝက်နား အလှည့်ကျစနစ်နဲ့ အလုပ်မပျက် ဆောင်ရွက်ဖို့၊ နာရေးမှအပ ခရီးသွားလာခြင်း မပြုကြဖို့ နိုင်ငံတော်သမ္မတရုံးကနေ ဧပြီလ ၄ ရက်နေ့မှာ အမိန့်စာထုတ်ပြန်ပြီး ဝန်ကြီးဌာနအားလုံးကိုညွှန်ကြားထားတာပါ။
ဒါ့အပြင် ဝန်ထမ်းတွေအနေနဲ့ တာဝန်ရှိသူတွေထံ သတင်းမပို့ဘဲ သွားရောက်ခဲ့ခြင်း ရှိ၊ မရှိ အမှန်အတိုင်း တင်ပြဖို့၊ ခရီးသွားခဲ့တဲ့ဝန်ထမ်းတွေကို Facility Quarantine ထားဖို့၊ အမှန်အတိုင်း တင်ပြခြင်းမရှိပါက ဝန်ထမ်းစည်းမျဉ်းနဲ့ အရေးယူဖို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဧပြီလ ၁၆ ရက်နေ့မှာ ထပ်မံ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့လည်း ဝန်ထမ်းတချို့ သတင်းမပို့ဘဲ ခရီးသွားလာမှုတွေရှိနေပြီး တိုင်ကြားလာမှုတွေလည်း ရှိနေတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။
“တချို့ဝန်ထမ်းတွေ သတင်းမပို့ဘဲ သွားကြလာကြတဲ့ ဖြစ်စဉ်တွေကို သီးခြားလမ်းကြောင်းတွေကနေ တိုင်ကြားလာပါတယ်။ အဆောင်အတူနေ၊ အိမ်ရာအတူနေကြသူတွေ အချင်းချင်း ဘယ်သူ၊ ဘယ်တုန်းက ဘယ်ကို ထွက်သွားတယ်၊ ပြန်လာကြတယ် ဆိုတာကို သိကြတယ်လို့လည်း ဆိုပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ ဌာနတွေမှာ အမှန်အတိုင်း တင်ပြခြင်းမရှိခဲ့ရင် COVID-19 ကူးစက်နိုင်ခြေရှိတဲ့ အလားအလာတွေကို အချိန်မီ ကာကွယ်တားဆီးစစ်ဆေးနိုင်ဖို့အတွက် တိုင်ကြားနိုင်တဲ့ အီးမေးလ်ကို ကြေညာရခြင်းဖြစ်ပါတယ်။”
ညွှန်ကြားချက်တွေကို မလိုက်နာဘဲ နေပြည်တော်ပြင်ပဒေသတွေကို ခရီးသွားလာခဲ့တဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေရှိပါက တိုင်ကြားနိုင်တဲ့ အီးမေးလ်လိပ်စာကတော့ covid19complain@presidentoffice.gov.mm ဖြစ်ပြီး ဒီနေ့ ဧပြီလ ၁၈ ရက်နေ့မှာ နိုင်ငံတော်သမ္မတရုံး ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ နေပြည်တော်မှာရှိနေတဲ့ နိုင်ငံ့ဝန်ထမ်းတွေထဲက နေပြည်တော်ပြင်ပ ခရီးသွားလာပြီး ပြန်လာသူတွေကို နေပြည်တော်စည်ပင်ဧည့်ရိပ်သာ ၁ မှာ ၂၁ ရက် Quarantine ထားရှိထားရာမှာ ဒီနေ့အထိကို နိုင်ငံ့ဝန်ထမ်း ၁၀ ဦးရှိတယ်လို့ နေပြည်တော် COVID-19 Volunteer Team(NCVT) အဖွဲ့ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)