နော်ဝေသံအမတ်ကြီး သင်္ကြန်နှုတ်ခွန်းဆက်စကားပြော (ရုပ်သံ)
DVB
·
April 16, 2020
မြန်မာနဲ့ ကမ္ဘာ့နိုင်ငံတွေမှာဖြစ်ပွားနေတဲ့ COVID-19 ရောဂါကို အတူတူတိုက်ဖျက်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ကြီး မစ္စက်တိုနာတေးနတ်စ်က ပြောကြားလိုက်ပါတယ်။
အတာသင်္ကြန်နှုတ်ခွန်းဆက်စကားအဖြစ် သံရုံးရဲ့လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကနေတဆင့် ရုပ်သံဗီဒီယိုနဲ့ ပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။
“အမြဲပျော်စရာကောင်းခဲ့တဲ့ သင်္ကြန်နဲ့ အီစတာပွဲတော်ကာလမှာ ခုအချိန်ကတော့ မြန်မာပြည်နဲ့ တခြားနိုင်ငံတွေအတော်များများမှာ ခက်ခဲတဲ့အချိန်ဖြစ်နေပါတယ်။ ကျမတို့ အတူတူရှိနေကြမယ်။ COVID-19 ရောဂါကိုအတူတူတိုက်ဖျက်ကြရပါမယ်။ ပြီးတော့ သင်္ကြန်ကို အရသာရှိလှတဲ့ မုန့်လုံးရေပေါ်နဲ့ အတူ ပျော်ရွှင်စွာ ဖြတ်သန်းကြပါ”လို့ သံအမတ်ကြီးက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံး ရင်ဆိုင်နေကြရတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ဒီနှစ်သင်္ကြန်ကတော့ နည်းနည်း ထူးခြားမယ်ထင်တယ်လို့လည်း သံအမတ်ကြီးက သံရုံး လူမှုကွန်ရက်စာမျက်နှာကနေ စာနဲ့ ထုတ်ပြန် ပြောကြားထားပါတယ်။
“ဒီသင်္ကြန်မှာ ကျွန်မတို့တတွေအားလုံး အိမ်တွင်းပုန်း လုပ်ကြရပါမယ်။ အိမ်မှာနေရမယ့် အချိန်က သင်္ကြန်ကာလထက် များစွာ ရှည်သွားနိုင်ပါတယ်။ အခုလို အိမ်မှာနေခြင်းဟာ ကျွန်မတို့ကိုယ်တိုင်၊ ကျွန်မတို့ ချစ်ရတဲ့သူတွေနဲ့ COVID-19 ကို ရှေ့တန်းကနေ တိုက်ဖျက်နေကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တခြား ကျန်းမာရေးလုပ်သားတွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ အိမ်မှာနေတယ်ဆိုတိုင်း ပျင်းစရာကောင်းဖို့ မလိုပါဘူး။ ကိုယ့်အကြိုက် သင်္ကြန်ရိုးရာမုန့်တွေကို လုပ်စားလို့ ရပါတယ်။ ဒီဟာက ကျွန်မအကြိုက်ဆုံး မုန့်လုံးရေပေါ်ပါ။” လို့ သံအမတ်ကြီး မစ္စက်တိုနာတေးနတ်စ်က ပြောပါတယ်။