ဘားအံဆေးရုံကြီးရှိ စောင့်ကြည့်လူနာ ၈ ဦး ရောဂါပိုးမတွေ့ရှိ
DVB
·
April 15, 2020
ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးမှာ ဧပြီ ၁၃ ရက်ညက နောက်ဆုံးရောက်ရှိလာတဲ့ စောင့်ကြည့်လူနာ ၈ ဦးမှာ ဓာတ်ခွဲတွေ့ရှိချက်အဖြေအရ COVID-19 ရောဂါပိုးမတွေ့ရှိရဘူးလို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က ပြောပါတယ်။
စောင့်ကြည့်လူနာ ၈ ဦးဟာ ဘားအံမြို့နယ်အတွင်းက ဖြစ်ပြီး သီးသန့်ထား ရှိပြီး စစ်ဆေးကုသမှုတွေ ပေးထားသလို စောင့်ကြည့်လူနာတွေဟာ ထိုင်းနိုင်ငံက ပြန်လာသူတွေ မဟုတ်ဘူးလို့ သိရပါတယ်။
ဘားအံပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က “ဆေးရုံရောက်လာတဲ့ လူနာမှန်သမျှ စစ်တယ်။ နိုင်ငံခြားထွက်တဲ့သူတွေတော့ မဟုတ်ဘူး။ ဒီကနေ့ ညက အဖြေထွက်တယ်။ Ngative ပဲ"လို့ ပြောပါတယ်။
စောင့်ကြည့်လူနာအားလုံးမှာ ရောဂါပိုးမတွေ့ရလို့ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီလို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
အလားတူ မြဝတီဆေးရုံကြီးက စောင့်ကြည့်လူနာ ၂ ဦး၊ လှိုင်းဘွဲဆေးရုံကြီးက ၆ ဦး၊ ကော့ကရိတ်ခရိုင် ကော့ဘိန်းတိုက်နယ်ဆေးရုံက ၁ ဦးတို့ဟာလည်း ရန်ကုန်အမျိုးသား ကျန်းမာရေးဓာတ်ခွဲ ဌာနက ပြန်လည်ပေးပို့တဲ့အဖြေအရ ရောဂါပိုးမတွေ့ရှိရဘူးလို့ ဧပြီ ၁၄ ရက်က ကရင်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
သတင်း- ရဲမင်းခေါင်