Homeမြန်မာသတင်း
COVID-19 ကူးစက်ခံရသူ ၁၂ ဦးထပ်တွေ့၊ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း ၇၄ ဦးအထိရှိလာ
COVID-19 ကူးစက်ခံရသူ ၁၂ ဦးထပ်တွေ့၊ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း ၇၄ ဦးအထိရှိလာ
DVB
·
April 15, 2020
ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂ ဦးထပ်တွေ့ပြီး ဧပြီ ၁၅ ရက် မနက် ၁၀ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၇၄ ဦးအထိရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ လူနာသစ် ၁၂ ဦးကတော့ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်က ၄ ဦး၊ မရမ်းကုန်းမြို့နယ်က အမျိုးသား ၂ ဦး၊ အင်းစိန်မြို့နယ်က အမျိုးသမီး ၂ ဦး၊ ဗဟန်းမြို့နယ်က အမျိုးသမီး ၁ ဦး၊ လှိုင်သာယာမြို့နယ်က အမျိုးသား ၁ ဦး၊ ရှမ်းပြည်နယ် မိုင်းဖြတ်မြို့က အမျိုးသား ၁ ဦးနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့က အမျိုးသမီး ၁ ဦး တို့ဖြစ်ကြပါတယ်။
အဆိုပါ လူနာသစ်အများစုဟာ အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ရာကတဆင့် ကူးစက်ခံရသူတွေ ဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)က ဧပြီ ၁၄ ရက်နေ့မှာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပေးပို့လာတဲ့ စောင့်ကြည့်လူနာ ၁၁၂ ဦးနဲ့ အသွား အလာကန့်သတ်တားမြစ် Quarantine ဆောင်ရွက်ထားရှိသူ ၂၈၁ ဦး စုစုပေါင်း ၃၉၃ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့ရာမှာ ၁၂ ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် ၃၈၁ ဦးကတော့ ရောဂါပိုးမတွေ့ရှိရဘူးလို့ ဆိုပါတယ်။
အဆိုပါ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂ ဦးရဲ့ ကျန်းမာရေးအခြေ အနေမှာ တည်ငြိမ်ကောင်းမွန်နေပြီး သက်ဆိုင်ရာဆေးရုံတွေကို ပို့ဆောင်ကာ လိုအပ်သလို ကုသမှုပေးဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။