COVID-19 ကူးစက်ခံရသူ ၂၁ ဦးထပ်တွေ့၊ အတည်ပြုလူနာစုစုပေါင်း ၆၂ ဦးအထိမြင့်တက်လာ
DVB
·
April 14, 2020
COVID-19 ရောဂါအတည်ပြုလူနာ အမျိုးသမီး ၁၁ ဦးနဲ့ အမျိုးသား ၁၀ ဦး ပေါင်း ၂၁ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ပြီး ဒီကနေ့ ဧပြီ ၁၄ ရက် မနက်အထိ မြန်မာနိုင်ငံတဝန်းမှာ အတည်ပြုလူနာ စုစုပေါင်း ၆၂ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဧပြီ ၁၃ ရက်က ဓာတ်ခွဲနမူနာ စုစုပေါင်း (၃၀၉) ခုကို စစ်ဆေးခဲ့ရာ (၂၁) ဦးမှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရပြီး အားလုံးရဲ့ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက မနေ့ ညသန်းခေါင်ကျော် ဒီနေ့မနက် (၀၀:၁၅) နာရီ အချိန်က ထုတ်ပြန်ပါတယ်။
အသစ်ထပ်မံတွေ့ရှိတဲ့ COVID-19 ရောဂါအတည်ပြုလူနာတွေကတော့ အင်းစိန်ပြည်သူ့ ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးနေသူ (၈) ဦးနဲ့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးနေသူ (၁) ဦး၊ ရန်ကုန်တိုင်းမှာ Quarantine ဆောင်ရွက်ထားသူ ၁၁ ဦးနဲ့ မကွေးတိုင်း မြို့သစ်မြို့နယ်မှာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှု Quarantine ဆောင်ရွက်ထားသူ ၁ ဦးတို့ ပါဝင်ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၁ ဦးအနက် ရန်ကုန်မှာတွေ့ရတဲ့ ၂၀ ဦးကိုတော့ ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ကုသမှုပေးနေပြီး မကွေးတိုင်းက အသက် ၃၁ နှစ်အရွယ် အမျိုးသား လူနာ ၁ ဦးကိုတော့ မကွေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုပေးနေပါတယ်။