မကွေးတိုင်းက COVID-19 အတည်ပြုလူနာ အမှတ် ၅၃ ၏ ခရီးသွားရာဇဝင်
DVB
·
April 15, 2020
COVID-19 ရောဂါအတည်ပြုလူနာ အမှတ် ၅၃ (Case-53) လူနာရဲ့ ခရီးသွားရာဇဝင်နဲ့ ကျန်းမာရေး စစ်ဆေးချက်တွေကို ဧပြီလ ၁၄ ရက်မှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
မြို့သစ်မြို့နယ် က COVID-19 ရောဂါ Case-53 လူနာ အမျိုးသားဟာ မတ်လ ၂၉ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံကနေ ထွက်ခွာလာပြီး မွန်းလွဲ ၂ နာရီလောက်မှာ မြဝတီမြို့ကို ရောက်ရှိလာကာ မြဝတီမြို့ကနေ ညနေ ၅ နာရီခန့်မှာဘဲ ခရီးသွားဖော် ၈ ဦးနဲ့အတူ ပွင့်သစ်စရတနာ မှန်လုံ အမြန်ယာဉ်နဲ့ ရန်ကုန်မြို့ကို ထွက်ခွာလာတာဖြစ်ပါတယ်။
မတ်လ ၃၀ ရက် မနက် ၄ နာရီမှာ ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးဂိတ်ကို ရောက်ရှိပြီး အဝေးပြေးကနေ ကား(စိစစ်ဆဲ)နဲ့ ဆက်လက်ထွက်ခွာလာရာ မတ် လ ၃၀ ရက် နေ့လည် ၁၂ နာရီမှာ ပြည်မြို့ကို ရောက်ရှိခဲ့ပါတယ်။
ပြည်မြို့မှာ ကျန်းမာရေးစစ်ဆေးမှုတွေခံယူပြီး တရွာတည်းနေ ခရီးသွားဖော် ၅ ဦးနဲ့အတူ ဇာနည်အောင် မှန်လုံယာဉ်နဲ့ မြို့သစ်မြို့ကို ဆက်လက်ထွက်ခွာလာရာ မတ်လ ၃၀ ရက် ည ၇နာရီကျော်မှာ မြို့သစ်မြို အ.ထ.က(၁) COVID-19 စစ်ဆေးရေး စင်တာသို့ ရောက်ရှိခဲ့ပါတယ်။
မြို့သစ်မြို့ COVID-19 စစ်ဆေးရေး စင်တာမှာတော့ အဆိုပါ ပုဂ္ဂိုလ်နဲ့အတူ ခရီးသွားဖော် ၅ ဦးကို ကျန်းမာရေး စစ်ဆေးခဲ့ပြီး Facility Quarantine ပြုလုပ်ကာ ဓာတ်ခွဲစစ်ဆေးချက်တွေ အရ ဧပြီလ ၁၃ ရက်နေ့ညက သူ့မှာ ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့တာပါ ။
လူနာကို ဧပြီ ၁၄ ရက် မနက်ပိုင်းမှာ မကွေးတိုင်ပြည်သူ့ဆေးရုံကြီးရှိ သီးခြားကုသဆောင်ကို ပို့ဆောင်ကုသပေးထားပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရပါတယ်။
မြို့သစ်မြို့ အ.ထ.က(၁) COVID-19 စစ်ဆေးရေးစင်တာမှာ ပြည်ပကပြန်ဝင်လာသူ ၂၃ ဦးအနက် ၁၃ ဦးကို ဓာတ်ခွဲနမူနာပေးပို့ခဲ့ရာ ရောဂါပိုးရှိသူ တစ်ဦးတွေ့ရှိခဲ့ပြီး ခရီးသွားဖော် ၅ ဦးအပါအဝင်ကျန်ရှိသူ ၁၀ ဦးကိုလည်း ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးသွားမယ်လို့သိရပါတယ်။
သတင်း-မင်းထီး