ခန္တီးမြို့တွင် စျေးသည် ဈေးဝယ်များကို နှာခေါင်းစည်း Mask တပ်ရန် ညွှန်ကြား
DVB
·
April 15, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မင်္ဂလာစျေးကြီးမှာ စျေးရောင်းသူတွေအနေနဲ့ ၃ ပေအကွာကနေ နှာခေါင်းစည်း Mask တပ်ပြီး ရောင်းချကြဖို့ ဈေးဝယ်လာသူတွေလည်း Mask တပ်လာကြဖို့ မြို့နယ်စည်ပင်သာယာက လိုက်လံ ညွှန်ကြားနေပါတယ်။
ခန္တီးမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဘကြိုင်က “အခု COVID-19 ရောဂါက ပိုဆိုးလာတဲ့အတွက် Mask တပ်ဖို့လုပ်ရတာ။ အဲသလိုမှမလိုက်နာရင် ကျနော်တို့က စျေးရောင်းလာသူတွေကို ဝင်ခွင့်မပေးတော့ပါဘူး။ ဒီနေ့မနက်ပိုင်းကနေ စတင်ဆောင်ရွက်ခဲ့ပါတယ်။ စျေးရောင်းသူတွေရယ်ပဲ မဟုတ်ဘဲ ဝယ်တဲ့သူတွေလည်း Mask တပ်ရပါတယ်။ အခုကျနော်တို့ ကိုယ်တိုင် ဈေးအပေါက်ကနေ စစ်ဆေးမှုလုပ်ဆောင်ပြီးမှသာ ဝင်ခွင့်ပေးတာပါ။ ရောင်းတဲ့သူတွေက ၃ ပေအကွာကနေ ရောင်းချသွားရမှာ” လို့ ပြောပါတယ်။
စျေးရောင်းသူတချို့ကတော့ တနေ့လုပ် တနေ့စားတွေ ဖြစ်ကြလို့ Mask ဝယ်တပ်ဖို့ မလွယ်ကူဘူးလို့ ပြောကြပါတယ်။
ဟင်းသီးဟင်းရွက်ရောင်းသူတဦးက “ကျမတို့ ဒီ Mask ကို ဝယ်ချင်ပါတယ်။ ပိုက်ဆံမရှိဘူးလေ။ Mask တွေက တခု ငါးရာလောက် ရှိတယ်။ ကျမတို့ စျေးရောင်းတဲ့ငွေက တရက်မှ နှစ်ထောင်၊ သုံးထောင်လောက် ကျန်တယ်။ အခုလို Mask မတပ်နိုင်တဲ့အတွက် အခက်တွေ့စေတယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်မှုနှုန်း ပိုများလာနေချိန်မှာ ရောဂါမပျံ့နှံ့အောင် ကာကွယ်ဖို့ ကျန်းမာရေးဌာနနဲ့ သက်ဆိုင်ရာက လူတွေ နေအိမ်တွေမှာ အပြင်မထွက်ဘဲ နေထိုင်ကြဖို့နဲ့ လက်ဆေးဖို့နဲ့ အပြင်သွားရင် Mask တပ်ဖို့ လိုက်လံနှိုးဆော်နေပါတယ်။
အောင်ဆန်းမြင့်