မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဂိတ်များ လူ ဝင်-ထွက်ခွင့် ပိတ်
DVB
·
April 13, 2020
COVID-19 ကူးစက်ရောဂါ ပြန့်ပွားတာ ကာကွယ်တားဆီးရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဂိတ်တွေက လူဝင်လူထွက်ကို ဒီနေ့ကစပြီး ပိတ်မယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်အရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်ဟာ မနေ့ ဧပြီ ၁၂ ရက်နေ့ နေ့လယ်မှာ ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးဆီကို ဖုန်းနဲ့ ဆက်သွယ်ခဲ့တယ်လို့ နေပြည်တော်က သတင်းထောက်တွေကို ဖြေကြားခဲ့တာပါ။
ရောဂါ ပြန့်ပွားတာ ကာကွယ်တားဆီးရေးအတွက် မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်း ၅ နိုင်ငံထဲက တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအိုနိုင်ငံတို့နဲ့ နယ်စပ်ဂိတ်တွေကတဆင့် လူဝင်-လူထွက် ပိတ်ထားပြီး ကုန်သွယ်မှုစီးဆင်းနိုင်ရေးအတွက်ပဲ ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း နယ်စပ်ဂိတ်တွေကတဆင့် လူဝင်-လူထွက်တွေကို ဧပြီ ၁၃ ရက်နေ့ကစပြီး ပိတ်မှာဖြစ်ပေမယ့် ကုန်သွယ်မှု မထိခိုက်ဖို့အတွက် ကုန်စည်စီးဆင်းတာကိုတော့ ဆက်လက် ခွင့်ပြုပေးမယ်လို့ ဆိုပါတယ်။
လူဝင်လူထွက် မရှိစေရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုပြီး ဘင်္ဂလားဒေ့ရှ်ဘက်က တနိုင်ငံလုံး Lock down လုပ်ထားတဲ့အတွက် အထောက်အကူ ဖြစ်စေမယ်လို့ ဝန်ကြီး ဦးကျော်တင်က ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဒါကာ၊ ကော့ဘဇားအပါအဝင် တနိုင်ငံလုံး Lock down လုပ်ထားပြီး ပြည်ပနဲ့ နယ်စပ်တွေက ဝင်ရောက်လာသူတွေကြောင့် ကူးစက်ပြန့်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။