ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုရန် ကရင်ပြည်နယ်အစိုးရ ၁ ဘီလီယံ သုံးစွဲမည်
DVB
·
April 10, 2020
မြဝတီနယ်စပ်ကနေ ပြန်လည်ဝင်ရောက်လာသူတွေကို COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုရေး စခန်းတွေဖွင့်လှစ်ပြီး စောင့်ကြပ်ကြည့်ရှုဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ ကရင်ပြည်နယ်အစိုးရက ၁ ဘီလီယံ သုံးစွဲသွားမယ်လို့ အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးက ပြောပါတယ်။
ကရင်ပြည်နယ်ရဲ့ မြို့နယ် ၅ ခုမှာ ပြန်လည်ဝင်ရောက်လာသူတွေကို ရောဂါစောင့်ကြပ်ကြည့်ရှုဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ လိုအပ်တဲ့ငွေကြေးကို ပြည်နယ်အစိုးရက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဘတ်ဂျတ် ၁ ဘီလီယံထဲက သုံးစွဲနေတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က “အခု နိုင်ငံတော်ကနေပြီးတော့ ၁ ဘီလီယံကို သပ်သပ်ဘတ်ဂျက်ထဲမှာ ထည့်ထားတယ်။ ဖြစ်လို့ရှိရင် သုံးလို့ရအောင်ဆိုပြီးတော့ အဲဒီအထဲကနေပြီး ကျနော်တို့ သုံးစွဲလို့ရပါတယ်။ အဲဒီထဲကနေ သုံးစွဲနေတယ်”လို့ ပြောပါတယ်။
ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုဖို့ ဖွင့်လှစ်ထားတဲ့ စခန်းတွေကို အလှူရှင်တွေက ဆန်၊ ဆီ၊ ရေသန့် နဲ့ စားသောက်ဖွယ်ရာတွေ လာရောက်လှူဒါန်းတာတွေအပြင် နိုင်ငံတော်က ထောက်ပံ့ပေးမှုတွေနဲ့ အကောင်းဆုံးလုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ဧပြီ ၁၀ ရက်နေ့ထိ ထိုင်းနိုင်ငံကနေတဆင့် ပြန်လည်ဝင်ရောက်လာသူ ဘားအံစခန်း ၇ ခုမှာ ၁၀၀၀ ကျော်၊ ကြာအင်းဆိပ်ကြီး စခန်း ၂ ခုမှာ ၉၀၀ နီးပါး၊ မြဝတီစခန်း ၅ ခုမှာ ၁၁၀၀ ကျော်နဲ့ ဖာပွန်စခန်း ၁ ခုမှာ ၁၃ ဦးတို့ကို စောင့်ကြပ်ကြည့်ရှုနေဆဲဖြစ်ပြီး စောင့်ကြည့်ကာလပြီးဆုံးတဲ့ ကျန်းမာရေးကောင်းမွန်သူတွေကိုတော့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေကို လွှဲပြောင်းပေးပြီး ဖြစ်ပါတယ်။
ရဲမင်းခေါင်