စောသာဘိုးကို တရားမစွဲရန် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသည့်အဖွဲ့များ တောင်းဆို
နော်နိုရင်း
·
March 9, 2020
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ စောသာဘိုးကို ညအချိန်မတော် ဝင်ရောက်ဖမ်းဆီးတာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ သူ့ကိုတရားမစွဲဖို့ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ရက်နဲ့ သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်အဖွဲ့က ပူးတွဲတောင်းဆိုလိုက်ပါတယ်။
ဇန်နဝါရီ ၁၇ ရက်က နတ်ကုန်းကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ ကျောက်မီးသွေးလောင်စာသုံး ဘိလပ်မြေစက်ရုံအနီး ကျေးရွာ ၃၀ ဝန်းကျင်မှာ ရေတွေ အရည်အသွေး ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဒေသခံတွေက ရိုးရာယုံကြည်မှုဓလေ့အရ အန္တရာယ်ကင်း မေတ္တာပို့ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စောသာဘိုးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇသကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) အရ ဘားအံမြို့တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး တရားရုံးဆင့်ခေါ်စာကို ကာယကံရှင်ထံ ပေးပို့ခြင်းမရှိဘဲ မတ်လ ၆ ရက်နေ့က မြိုင်ကလေးနဲ့ ဘားအံရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
စောသာဘိုးကတော့ ခရီးလွန်နေလို့ ဖမ်းဆီးရမိခြင်းမရှိပေမယ့် ဆုတောင်းပွဲကိစ္စကို အကြောင်းပြုပြီး ဝင်ရောက်ရှာဖွေဖမ်းဆီးတာဟာ နိုင်ငံသားတဦးရဲ့ အခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေကို ချိုးဖောက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ရက်ပြောခွင့်ရသူ စိုင်းခေးဆိုင်က ပြောပါတယ်။
“သဘာဝပတ်ဝန်းကျင်အရေး လုပ်နေတဲ့သူတယောက်က နိုင်ငံတော် အကြည်အညိုပျက်တယ်ဆိုတဲ့ ဥပဒေနဲ့ လုံးဝ ကိုက်ညီမနေဘူးပေါ့နော်။ ပတ်ဝန်းကျင် ကောင်းဖို့အတွက်ပဲ လှုပ်ရှားနေတဲ့သူတယောက် ဖြစ်တယ်။ ဒါကြောင့် ဒီတရားစွဲဆိုမှုက တခုက ဒီမိုကရေစီအနေနဲ့ကြည့်ရင်လည်း ဒီမိုကရေစီမဆန်တော့ဘူးပေါ့နော်။ နောက်တခုက လူ့အခွင့်အရေးဘက်ကနေ ကြည့်ရင်လည်း နိုင်ငံသားတယောက်က လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်။ ဘယ်သူ့နစ်နာမှုကိုမှ မရည်ရွယ်ဘဲနဲ့ ပတ်ဝန်းကျင်ကောင်းစားဖို့အတွက် ပြောနေတဲ့အချိန်မှာ ဒီလိုမျိုး တရားလာစွဲတဲ့အတွက်ကြောင့်မို့လို့ ဒါက မဖြစ်သင့်တဲ့အရာပေါ့နော်။ ”
ကရင်ပြည်နယ်အစိုးရနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ် တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ ကြီးမားတဲ့အဟန့်အတား ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ရေရှည်တည်တံ့တဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တထောင့်တနေရာက ပါဝင်နေတဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်မြှင့်တင်မှုအရေးအတွက် တက်ကြွလှုပ်ရှားသူ စောသာဘိုးကို တရားစွဲဆိုမှုမလုပ်ဖို့၊ ဌာနေတိုင်းရင်းသားအခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေကို အသိအမှတ်ပြု တန်ဖိုးထား လေးစားဖို့လည်း ပူးတွဲတောင်းဆိုထားပါတယ်။