COVID-19 အတည်ပြုလူနာ ၂ ဦးသေဆုံးမှု ကျန်းမာရေးဌာန အတည်ပြုထုတ်ပြန်
DVB
·
April 8, 2020
COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၁၆ (Case-16) အမှတ် ၁၇ နဲ့ (Case-17) တို့ဟာ အထူးကြပ်မတ် ဆေးကုသမှုခံယူနေရာကနေ သေဆုံးသွားတဲ့အကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီကနေ့ ညနေ အတည်ပြုထုတ်ပြန်ပါတယ်။
ပဲခူးတိုင်း ပေါက်ခေါင်းမြို့မှာနေထိုင်တဲ့ COVID-19 အတည်ပြုလူနာ အမှတ် ၁၇ ဖြစ်တဲ့ အသက် (၄၇) နှစ်အရွယ် သွေးတိုးရောဂါအခံရှိတဲ့ အမျိုးသားလူနာ ဧပြီ ၆ ရက်က ချောင်းဆိုးသွေးပါခြင်း၊ မောပန်းခြင်း စသည့်လက္ခဏာတွေ ခံစားခဲ့ရလို့ ပြည်မြို့ပြည်သူ့ဆေးရုံ၊ အထူးကြပ်မတ်ကုသခန်းသို့ ပြောင်းရွှေ့ကုသမှုခံယူခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၇ ရက်မှာတော့ အမောဖောက်ခြင်း၊ သွေးတွင်းအောက်စီဂျင်ဓာတ် ကျဆင်းခြင်း လက္ခဏာများခံစားခဲ့ရကာ အထူးကုသမားတော်ကြီးတွေ ပါဝင်တဲ့ အဖွဲ့၊ ဆေးတက္ကသိုလ် (၁)ရန်ကုန်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ၊ သမားတော်ကြီးတွေပါဝင်တဲ့အဖွဲ့က ပူးပေါင်း ဆေးကုသပေးခဲ့ပေမယ့် လူနာရဲ့ အခြေအနေမှာ သက်သာလာခြင်း မရှိဘဲ ဧပြီ ၈ ရက် မနက် ၃ နာရီ ၄၀ မိနစ်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
သေဆုံးရသည့် အကြောင်းအရင်း (Cause of Death) မှာ ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးတာနဲ့ သွေးတိုးရောဂါအခံတို့ကြောင့် ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။
အလာတူ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်ကနေ မြောက်ဥက္ကလာပမြို့နယ်မှာ ခေတ္တတည်းခိုနေထိုင်ခဲ့တဲ့ COVID-19 အတည်ပြုလူနာ အမှတ် ၁၆ ဖြစ်တဲ့ အသက် (၆၃) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးလူနာဟာလည်း ဧပြီ ၁ ရက် ညပိုင်းက ဝေဘာဂီ အထူးကုဆေးရုံကြီး၊ အထူး ကြပ်မတ်ကုသခန်းသို့ ပြောင်းရွှေ့ ဆေးကုသမှုပေးနေစဉ် လူနာရဲ့ အခြေအနေဟာ နောက်တနေ့က စလို့ ပိုမိုဆိုးရွားလာခဲ့တယ်လို့ဆိုပါတယ်။
ဧပြီ ၈ ရက်မှာတော့ လူနာအမျိုးသမီးဟာ အပြင်းဖျားခြင်း၊ သတိကောင်းစွာမရခြင်း၊ သွေးပေါင်ချိန်ကျဆင်းခြင်း ဝေဒနာများခံစားခဲ့ပြီး ဝေဘာဂီအကူးကုဆေးရုံကြီးရှိ ပါမောက္ခ သမားတော်ကြီးတွေ ပါဝင်တဲ့အဖွဲ့က ဆေးကုသပေးခဲ့ပေမယ့် သက်သာလာခြင်းမရှိဘဲ ဒီနေ့မနက် ၁၀နာရီ ၅ မိနစ်မှာ သေဆုံးသွားပါတယ်။
အဆိုပါလူနာ သေဆုံးရတဲ့ အကြောင်းအရင်းတွေကတော့ ရုတ်တရက် နှလုံးသွေးကြောပိတ်ကာ နှလုံးကြွက်သားပုပ်သွားခြင်း၊ (Acute Myocardial Infarct)၊ ပြင်းထန် အဆုတ်ရောင်ရောဂါ (Severe Pneumonia) ၊ အမျိုးအစား (၂) ဆီးချိုရောဂါနှင့် နာတာရှည် ကျောက်ကပ်ရောဂါနှင့် နှလုံး သွေးကြောကျဉ်းရောဂါအခံရှိခြင်း (Underlying Type –II Diabetes Mellitus, Chronic Kidney Disease and Ischemic Heart Disease) တို့ဖြစ်ကြောင်း ကျန်းမာရေးဌာနက သတ်မှတ် ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့အထိ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း အတည်ပြုလူနာ ၂၂ ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိသွားပြီဖြစ်ပါတယ်။