ပြည်သူများကို Mask ၆ ဒသမ ၃ သန်း ဖြန့်ဖြူးပေးမည်ဟု အတိုင်ပင်ခံပြော
DVB
·
April 6, 2020
COVID-19 ကူးစက်မှု ကာကွယ်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူတွေကို ဧပြီလထဲမှာ Mask ၆ ဒသမ ၃ သန်း ဖြန့်ဖြူးပေးသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကတဆင့် ခုလို အသိပေးလိုက်တာဖြစ်ပြီး လုံလောက်မှုရှိဖို့အတွက် ထပ်မံ မှာယူထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရောဂါထိန်းချုပ်မှုကာလအတွင်း လက်လုပ်လက်စားတွေရဲ့ စားဝတ်နေရေးအတွက်လည်း နိုင်ငံ့ဘဏ္ဍာ၊ COVID ဗဟိုကော်မတီရန်ပုံငွေတို့နဲ့ အကောင်းဆုံး စီမံကိန်းတခု အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။
ဗဟိုကော်မတီရန်ပုံငွေအတွက်လည်း တက်နိုင်တဲ့ဘက်က လှူကြဖို့ မေတ္တာရပ်ခံလိုက်သလို မီတာခ လျှော့ချရေးအတွက်လည်း အကောင်းဆုံးဖြစ်မယ့် နည်းလမ်းတွေ ညှိနှိုင်းနေတယ်လို့ ရေးသားထားပါတယ်။
ပြည်သူတွေ တောင်းဆိုနေတဲ့ အင်တာနက် သုံးစွဲမှုနှုန်းထားခတွေ လျှော့ချဖို့ကိုတော့ တယ်လီဖုန်း အော်ပရေတာတွေက လျှော့ချထားပြီးဖြစ်တယ်လို့ ဧပြီ ၅ ရက်နေ့က ပြည်သူတွေ သိချင်တဲ့အချက်တွေကို အတိုင်ပင်ခံရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြန်ဖြေခဲ့တာပါ။
NB DASSK