COVID-19 ကာကွယ်ရေးအတွက် ရေးမြို့နယ်တွင် လက်သန့်ဆေးရည်များ အခမဲ့ဖြန့်ဝေ
DVB
·
April 5, 2020
COVID-19 ရောဂါကာကွယ်ရေးအတွက် မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ရေးမြို့မိသားစုပရဟိတအသင်းက ဦးဆောင်ပြီး ရေမလို လက်သန့်ဆေးရည်တွေ အခမဲ့ ဖြန့်ဝေပေးနေပါတယ်။
ရေးမြို့နယ်အတွင်း COVID-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာ ဆောင်ရွက်နေတဲ့သူတွေအတွက် ရန်ကုန်အခြေစိုက် Green Together အဖွဲ့က နည်းပညာနဲ့ Chemical ပံ့ပိုးလှူဒါန်းမှု၊ စေတနာရှင်ပြည်သူတွေရဲ့ ထည့်ဝင်လှူဒါန်းငွေတွေနဲ့ ခုလို ဖော်စပ်ဖြန့်ဝေနေတာပါ။
ရေးမြို့ မိသားစုပရဟိတအသင်းနာယက ဦးသက်နိုင်က “မိမိတို့အဖွဲ့သားတွေကိုယ်တိုင် ပံ့ပိုးထားတဲ့ နည်းပညာတွေအတိုင်း ဖော်စပ်ပြီးတော့ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ဆောင်ရွက်နေကြတဲ့ ကျန်းမာရေးဌာနနဲ့ ရပ်ရွာတွေက စောင့်ကြည့်ရေးစခန်းတွေ၊ အရပ်ဘက်အဖွဲ့တွေအပြင် လူစည်ကားတဲ့နေရာမှာထားရှိတဲ့ လက်ဆေးကန်တွေအတွက် အခမဲ့ ဖြန့်ဝေသွားမှာပါ၊ လိုအပ်သူများလည်း လာရောက်အလှူခံနိုင်ပါတယ်” လို့ ပြောပါတယ်။
သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်း ဖော်စပ်ထုတ်လုပ်ဖြန့်ဝေနေတာဖြစ်ပြီး ပထမအသုတ်အနေနဲ့ ၅၀ မီလီမီတာ ဘူး ၅၀၀ ထုတ်လုပ်ပြီးဖြစ်ကာ လိုအပ်ချက်အပေါ် မူတည်ပြီး ထပ်မံဖော်စပ်လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
ရေးမြို့နယ်အတွင်း စောင့်ကြည့်ရေးစခန်း ၃၆ ခုမှာ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ၈၀၀ နီးပါးလောက် လာရောက်နေထိုင်နေပြီး အရပ်ဘက်အဖွဲ့တွေကလည်း အဲဒီစခန်းတွေနဲ့ ကျန်းမာရေးဌာနအတွက် လိုအပ်ချက်တွေကို လိုက်လံမေးမြန်းကာ ထောက်ပံ့ကူညီပေးနေတယ်လို့ သိရပါတယ်။
ဝင်းနိုင်သက်