မကွေးမြို့တွင် အနှေးယာဉ်ဆိုက်ကားသမားများကို ဆန်၊ ဆီနှင့် ငွေကြေး လှူဒါန်း
DVB
·
April 3, 2020
ကိုရိုနာကပ်ရောဂါဘေးနဲ့ ကြုံတွေ့နေရချိန်မှာ အနှေးယာဉ် ဆိုက်ကားသမားမိသားစုတွေ အဆင်ပြေစေဖို့ မကွေးမြို့ပေါ်မှာရှိတဲ့ အလှူရှင်တွေက ငွေကြေးနဲ့ အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးခဲ့ပါတယ်။
မကွေးမြို့ သံဃဒါန ဆွမ်းလောင်းအသင်းမှာ အနှေးယာဉ် ဆိုက်ကားသမားတွေကို မတ်လ ၃၁ ရက်က မြို့ခံ အထူးကုဆရာဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာ စိုးမင်း၊ ဒေါက်တာစိမ်လဲ့သွင်တို့ မိသားစုကနေ ဆန် ၆ ပြည် တအိတ်၊ ဆီ ၅၀ သား၊ ဆပ်ပြာတပိုင်းနဲ့ ငွေကျပ် ၃၀၀၀ ကျပ်စီ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
သံဃဒါန ဆွမ်းလောင်းအသင်း အတွင်းရေးမှူး ဦးခင်မောင်ကြူက “လက်ရှိ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါကြောင့် တနေ့လုပ်တ တနေ့စား ဆိုက်ကားသမားတွေဟာ အလုပ်အဆင်မပြေဖြစ်ပြီး အခက်အခဲ ကြုံတွေ့နေတာပါ။ ခုလိုလှူဒါန်းပေးတဲ့အတွက် မိသားစု တပတ်စာ ဖြစ်ဖြစ်၊ တလစာဖြစ်ဖြစ် စားစရိတ်အတွက် အဆင်ပြေနိုင်ပါတယ်”လို့ ပြောပါတယ်။
အလှူရှင်မိသားစုတွေကတော့ လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ရောဂါကြောင့် အခြေခံလူတန်းစားတွေဖြစ်တဲ့ ဆိုက်ကားသမားတွေ အိမ်အပြင်မထွက်ဘဲ စားသောက်နိုင်အောင်နဲ့ မကြာခဏ လက်ဆေးနိုင်အောင် ရည်ရွယ်ပြီးလှူဒါန်းတာလို့ ပြောပါတယ်။
လှူဒါန်းတဲ့နေရာမှာလည်း ရောဂါကာကွယ်နိုင်အောင် ဆိုက်ကားတစီးနဲ့တစီး ၆ ပေခွာကာ အောက်မဆင်းစေဘဲ ဆိုက်ကားပေါ်ကို လှူဒါန်းပေးတယ်လို့ ဆိုပါတယ်။
မကွေးမြို့ပေါ်မှာရှိတဲ့ ဆိုက်ကားသမားတွေကို စာရင်းပြုစုပြီး ဆိုက္ကား ၇၃ စီးအပြင် မြို့မစျေး လုံခြုံရေးဝန်ထမ်း ၆ ဦး စုစုပေါင်း ၇၉ ဦးကို လှူဒါန်းပေးတာ ဖြစ်ပါတယ်။
မင်းထီး