Homeမြန်မာသတင်း
ရေးမြို့နယ်ရှိ စောင့်ကြည့်စခန်းတွင်သေဆုံးခဲ့သည့် အမျိုးသမီးတွင် COVID-19 ရောဂါ မတွေ့ရှိ
ရေးမြို့နယ်ရှိ စောင့်ကြည့်စခန်းတွင်သေဆုံးခဲ့သည့် အမျိုးသမီးတွင် COVID-19 ရောဂါ မတွေ့ရှိ
DVB
·
April 3, 2020
ထိုင်းနိုင်ငံက ပြန်လာသူတွေအတွက် ဖွင့်ထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရင်းရယ်ကျေးရွာ၊ အ-လ-က (ခွဲ) စောင့်ကြည့်ရေးစခန်းမှာ ရုတ်တရက်သေဆုံးခဲ့တဲ့ အမျိုးသမီးမှာ COVID-19 ရောဂါပိုး မတွေ့ရှိဘူးလို့ မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ဧပြီ ၂ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
''ခုလို ရလဒ်ကို မြန်မြန်ထုတ်ပြန်ပေးလို့ ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေ ဆောင်ရန်ရှောင်ရန်တွေ ကြိုတင်ပြင်ဆင်ရမှာတွေ လုပ်လို့ရတာပေါ့၊ အဖြေသိရတော့ စိတ်အေးရပါတယ်၊ ကျန်နေတဲ့ ပြည်တော်ပြန်တွေလည်း ရှောင်မနေဘဲ စောင့်ကြည့်ရေးစခန်းတွေကို သတင်းပို့ဖို့ တိုက်တွန်းလိုသလို မလိုက်နာသူတွေကို ထိရောက်စွာ အရေးယူသင့်နေပြီ" လို့ COVID-19 ရောဂါကာကွယ်စောင့်ကြည့်ထောက်ပံ့ရေးအရပ်ဘက်ကော်မတီတာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ထိုင်းနိုင်ငံက ပြန်လာတဲ့ အသက် ၃၉ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ မတ် ၂၅ ရက်နေ့က အဆိုပါစခန်းမှာ စတင်နေထိုင်ခဲ့တာဖြစ်ပြီး ဧပြီ ၁ ရက်နေ့က အိပ်ရာကနေ ကြမ်းပြင်ပေါ် ပြုတ်ကျပြီး ရုတ်တရက်သေဆုံးခဲ့တာလို့ သိရပါတယ်။
ဆေးရုံက စစ်ဆေးတွေ့ရှိချက်အနေနဲ့ အဆိုပါသေဆုံးခဲ့တဲ့ လူနာမှာ ဒူးနာ၊ အစာအိမ်ရောဂါလက္ခဏာတွေရှိတယ်လို့ ရေးမြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာသက်ပိုင်က ဒီဗွီဘီကို ပြောပါတယ်။
COVID-19 ရောဂါနဲ့ပတ်သက်လို့ ဖြစ်ပေါ်လာတဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီထုတ်ပြန်နိုင်ရေးအတွက် မြို့နယ်သတင်းမှန်ပြန်ကြားရေးကော်မတီတရပ် ဖွဲ့စည်းထားပြီး ကောလာဟလတွေကြောင့် ပြည်သူများအထိတ်တလန့်မဖြစ်ပေါ်စေဖို့ ဆောင်ရွက်နေတယ်လို့ ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။
ရေးမြို့နယ်က စောင့်ကြည့်ရေးစခန်း ၃၆ ခုမှာ ထိုင်းနိုင်ငံက ပြန်လည်ဝင်ရောက်လာသူ ၈၀၀ လောက် နေထိုင်နေပြီး မလာရောက်သေးသောသူတွေကိုလည်း အရပ်ဘက်အဖွဲ့အစည်းတွေက လိုက်လံနှိုးဆော်နေတယ်လို့ သိရပါတယ်။
ဝင်းနိုင်သက်