ရေးမြို့နယ် COVID-19 စောင့်ကြည့်ရေးစခန်းတွင် အမျိုးသမီး ၁ ဦးသေဆုံး
DVB
·
April 2, 2020
မွန်ပြည်နယ်၊ ရေးမြို့နယ် COVID-19 ရောဂါ စောင့်ကြည့်ရေးစခန်းမှာ သေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံက ပြန်လာသူ အမျိုးသမီးလူနာရဲ့ နှာခေါင်းတို့ဖတ်တွေကို ရန်ကုန်ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးသွားမယ်လို့ ဆေးရုံတာဝန်ရှိသူတဦးက ပြောပါတယ်။
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူတွေကို စောင့်ကြည့်ဖို့အတွက် ရေးမြို့နယ်၊ ခေါဇာမြို့၊ ရင်းရယ်ကျေးရွာ၊ အ-လ-က(ခွဲ) မှာ ဖွင့်လှစ်ထားတဲ့ Community Base Facility Quarantine စခန်းတခုမှာ ဧပြီ ၁ ရက်နေ့ မနက်ပိုင်းက အမျိုးသမီးတဦးသေဆုံးခဲ့တာပါ။
ထိုင်းနိုင်ငံက ပြန်လာတဲ့ အသက် ၃၉ နှစ်အရွယ် အဲဒီအမျိုးသမီးမှာ မတ်လ ၂၅ ရက်နေ့က အဆိုပါစခန်းမှာ ရောက်ရှိနေထိုင်ခဲ့ပြီး အိပ်ရာက ကြမ်းပြင်ပေါ် ပြုတ်ကျ သေဆုံးခဲ့တာလို့ သိရပါတယ္။
ရေးမြို့ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတဦး'' နှာခေါင်းတို့ဖတ်နဲ့ လည်ပင်းတို့ဖတ်တွေကို ယူပြီးသွားပြီ၊ ညနေရန်ကုန်ပို့မယ်၊ မနက်ဖြန်ညနေအဖြေသိရပြီး သန်ဘက်ခါမှပဲ မီးသင်္ဂြိုဟ်မယ်ပေါ့၊ လက်ရှိကတော့ ဝမ်းအမည်းသွားပြီးတော့ ဆုံးတာပေါ့" လို့ ဒီဗွီဘီကို ပြောပါတယ်။
ဆေးရုံက စစ်ဆေးတွေ့ရှိချက်အနေနဲ့ အဆိုပါသေဆုံးခဲ့တဲ့ လူနာမှာ ဒူးနာ၊ အစာအိမ်ရောဂါလက္ခဏာသာဖြစ်ပြီး သေသူအား ပြည်သူ့ဆေးရုံမှာထားရှိပြီး ဓာတ်ခွဲခန်းအဖြေရမှသာ မီးသင်္ဂြိုဟ်သွားမယ်လို့ ရေးမြို့နယ်ထွေအုပ်ရုံးမှာ မနေ့ကကျင်းပတဲ့ မြို့နယ်အဆင့် (COVID-19)ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ အစည်းအဝေးမှာ ရေးမြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာသက်ပိုင်က ပြောကြားခဲ့ပါတယ်။
ဧပြီ ၁ ရက်နေ့ညနေပိုင်းအထိ ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရရှိတဲ့စာရင်းတွေအရ ထိုင်းနိုင်ငံက ပြန်လည်ရောက်ရှိလာသူ ၇၃၇ ဦးကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာတွေမှာ ဖွင့်လှစ်ထားတဲ့ စောင့်ကြည့်ရေးစခန်းတွေမှာ အသီးသီးထားရှိစောင့်ကြည့်နေတယ်လို့ သိရပါတယ်။
သတင်း- ဝင်းနိုင်သက်