မကွေးတိုင်း ပြည်သူ့ဆေးရုံက စောင့်ကြည့် လူနာ ၄ ဦးတွင် COVID-19 ရောဂါ မတွေ့
DVB
·
March 28, 2020
မကွေးတိုင်း ပြည်သူ့ဆေးရုံမှာ မတ် ၂၇ ရက်အထိ COVID-19 စောင့်ကြည့်လူနာ ၇ ဦးအနက် ၄ ဦးမှာ ရောဂါလက္ခဏာ မတွေ့ရှိရဘူးလို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
မကွေးတိုင်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက “မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာ COVID-19 စောင့်ကြည့်လူနာ ၇ ဦးကို အသစ်တည်ဆောက်နေတဲ့ ငါးထပ်ဆေးရုံးကြီးမှာ သီးခြားထားရှိပြီး ဆေးဝါးကုသပေးနေပါတယ်။ စောင့်ကြည့် လူနာ ၄ ဦးရဲ့ ဓာတ်ခွဲအဖြေက ရောဂါလက္ခဏာ မတွေ့ရှိပါဘူး။ ပြည်ပမှ ပြန်လည်ဝယ်ရောက်လာသူ ၃ ဦးကိုတော့ Hospital Quarantine အနေနဲ့ ဆေးရုံမှာ ၁၄ ရက်ကြာ စောင့်ကြည့်ကုသပေးမှာဖြစ်ပြီး ဓာတ်ခွဲ နမူနာပေးပို့ ထားပါတယ်။ ပြည်တော်ပြန် ၃ ဦးအနက် အမျိုးသမီးတဦး ကိုယ်ပူချိန် မြင့်မားတယ်ဆိုတာက အဖျားရောဂါသဘောအရ အတက်အကျရှိပြီး ဆေးရုံပေါ်မှာ ကုသပေးနေတဲ့အတွက် မကွေးဒေသခံတွေ မစိုးရိမ်ပါနဲ့” လို့ ဒီဗွီဘီကို ပြောပါတယ်။
မကွေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က COVID-19 ရောဂါကြိုတင်ကာကွယ်တဲ့အနေနဲ့ ပြည်ပမှ ပြန်ဝင်လာသူတွေကို Facility Quarantine ပြုလုပ်တဲ့နေရာမှာ အစိုးရ အစီအစဉ်နဲ့ ပြန်ဝင်လာသူတွေအတွက်သာ စီစဉ်ထားတယ်လို့ ပြောပါတယ်။
“မိမိအစီအစဉ်နဲ့ ပြန်လာသူတွေအတွက် စီစဉ်ထားတာမျိုး မရှိပါဘူး။ ကားဂိတ်တွေမှာလည်း ကျန်းမာရေးစစ်ဆေးတာတွေ မတွေ့ရသေးတဲ့အတွက် တိုင်းဒေသကြီးအစိုးရကို တင်ပြပေးမယ်။"
မကွေးတိုင်းအတွင်း COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ဖို့ ပရဟိတ အဖွဲ့ပေါင်း ၁၀ ကျော်နဲ့ COVID-19 လျှော့ချရေး ပရဟိတကွန်ရက်တခု ဖွဲ့စည်းထားတယ်လို့ မကွေးပရဟိတအဖွဲ့က ဦးဆောင်သူတဦးဖြစ်တဲ့ ကိုမိုးက ပြောပါတယ်။
ဒါ့အပြင် မကွေးတိုင်းအတွင်း မြေပြင်မှ လက်တွေ့အလုပ်လုပ်နေတဲ့ ပရဟိတအဖွဲ့တွေအတွက် အကာကွယ်ပေးနိုင်ဖို့ လိုအပ်တဲ့ အကာကွယ်ပစ္စည်းတွေ မကွေးပရဟိတအဖွဲ့ ရန်ပုံငွေက စိုက်ထုတ် ဝယ်ယူထားတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကို စေတနာရှင်တွေက အလှူငွေနဲ့ သိန်း ၁၀၀ ကျော်နဲ့ အကာကွယ်ပစ္စည်တွေ လှူဒါန်းထားပြီး COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေအတွက် အမှန်တကယ် လိုအပ်တဲ့ နေရာတွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။
မင်းထီး