ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးဌာနတွင် သွေးလိုအပ်ချက်ရှိနေ
DVB
·
March 27, 2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ အခြေအနေကြောင့် ရန်ကုန်အမျိုးသားသွေးလှူဘဏ်ကို လာရောက်လှူဒါန်းတဲ့ သွေးအလှူရှင်နည်းပါးသွားပြီး သွေးလိုအပ်ချက် ရှိနေတယ်လို့ အမျိုးသားသွေးဌာနရဲ့ ရန်ကုန်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်က ဒီဗွီဘီကို ပြောပါတယ်။
အစိုးရရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေလိုနေ့တွေမှာဆိုရင် ပုံမှန် တရက်ကို သွေးအလှူရှင် အယောက် ၆၀၀ လောက်ရှိခဲ့ပြီး လက်ရှိမှာတော့ အယောက် ၂၀၀ လောက်သာ ရှိတော့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရုံးဖွင့်ရက်တွေမှာလည်း တရက်ကို ပုံမှန် သွေးလှူသူ အယောက် ၁၅၀ လောက် ရှိရာက အခုအချိန်မှာတော့ အယောက် ၁၀၀ လောက်သာ ရှိတော့တယ်လို့ဆိုပါတယ်။
အမျိုးသားသွေးဌာနအနေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးကို အဓိကသွေးပို့ပေးနေရတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်ရစ်ရောဂါ ဖြစ်ပွားနေတဲ့ကာလ ဖေဖော်ဝါရီလကစလို့ သွေးကို လျှော့ချသုံးစွဲဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
အမျိုးသားသွေးဌာနမှာ ပုံမှန်လာရောက်လှူဒါန်းတဲ့ သွေးအလှူရှင်က လစဉ် အယောက် ၈၀၀၀ ကျော်လောက်ရှိနေပြီး အဲဒီလှူဒါန်းတဲ့ သွေးတွေကနေ လူနာအယောက် ၁၇၀၀၀ လောက်ကို ပြန်လည်ဝေမျှပေးနေတာ ဖြစ်ပါတယ်။