နိုင်ငံတဝန်းက ပညာရေးဝန်ထမ်း ၅၀ ရာခိုင်နှုန်းသာ ရုံးတက်ရန် ညွှန်ကြား
ဆုဆုသွယ်
·
March 26, 2020
COVID-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ဖို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာလက်အောက်မှာရှိတဲ့ တိုင်းနဲ့ပြည်နယ်အသီသီးက ပညာရေးမှူးရုံးတွေမှာ မတ်လ ၂၆ ရက်နေ့ကနေစပြီး ဝန်ထမ်းအင်အားရဲ့ ၅၀ ရာခိုင်နှုန်းသာ ရုံးတက်တာဝန်ထမ်းဖို့ ညွှန်ကြားထားတယ်လို့ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က ပြောပါတယ်။
ကျန်တဲ့ဝန်ထမ်း ၅၀ ရာခိုင်နှုန်းကိုတော့ နေအိမ်တွေကနေ လုပ်ငန်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာရုံးတွေနဲ့ နေအိမ်မှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို စည်းကမ်းချက်တွေနဲ့ ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေ တိတိကျကျလိုက်နာဖို့လည်း ညွှန်ကြားထားတယ်လို့ ညွန်ကြားရေးမှူးချုပ်က ပြောပါတယ်။
ပညာရေးဝန်ထမ်းတွေနေထိုင်ကြတဲ့ ဝန်ထမ်းအိမ်ရာတွေမှာ ဆွေမျိုးတွေ လာရောက်တည်းခိုမှုတွေကို တတ်နိုင်သလောက်လျော့ချဖို့နဲ့ လာရောက်မှုမရှိစေဖို့ကို ညွှန်ကြားထားပါတယ်။
ပညာရေးမှူးရုံးတွေမှာ ရုံးတက်တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကိုလည်း ကိုယ်အပူချိန်တိုင်းတာတွေ၊ လုပ်ဆောင်ပေးနေသလို လက်ဆေးဖို့နေရာတွေ စီမံပေးတာတွေ၊ လက်သန့်ဆေးရည်တွေနဲ့ နှာခေါင်းစည်းMaskတွေ ဖြန့်ဝေပေးဖို့ကိုလည်း ညွှန်ကြားထားပါတယ်။ ဒါ့အပြင် အခြေခံပညာကဆရာ၊ ဆရာမတွေ လုပ်ဆောင်ရမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းတွေကိုလည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားပါတယ်။