ညောင်လေးပင်တွင် ကိုရိုနာဗိုင်းရပ် စောင့်ကြည့်သံသယလူနာ ၄ ဦးရှိ
DVB
·
March 26, 2020
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ မတ်လ ၂၅ ရက် နေ့အထိ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သံသယလူနာ ၄ ဦးထိ ရှိလာနေပြီလို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။
ပြွန်တန်ဆာမြို့ တိုက်နယ်ဆေးရုံမှာ မတ်လ ၂၄ ရက်နေ့က အသက် ၁၈ နှစ်နဲ့ ၃၃ နှစ်အရွယ် အမျိုးသား ၂ ဦး၊ မတ် ၂၅ ရက်နေ့မှာ အသက် ၃၄ နှစ်အရွယ်အမျိုးသမီး ၁ ဦးနဲ့ ညောင်လေးပင် မြို့နယ်ပြည်သူ့ဆေးရုံမှာ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးတို့ကို စောင့်ကြည့်သံသယလူနာအဖြစ် ကုသပေးနေတာပါ။
ပြွန်တန်ဆာတိုက်နယ်ဆေးရုံကို မတ်လ ၂၄ ရက်နေ့က ရောက်ရှိလာတဲ့ အမျိုးသား ၂ ဦးထဲက ၁ ဦးဟာ ကိုယ်အပူချိန်တက်တာရှိပေမယ့် လက်ရှိအချိန်အထိ သူတို့ ၂ ဦးလုံး အခြေအနေ ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။
မတ်လ ၂၅ ရက်နေ့မှာ ရောက်ရှိလာတဲ့ အမျိုးသမီး ၁ ဦးကတော့ ကိုယ်အပူချိန် ၁၀၃ ဒီဂရီဖာရင်ဟိုက် နဲ့ ရောက်ရှိလာတာဖြစ်ပြီး ဓာတ်မှန်စစ်ဆေးချက်အရ အဆုတ်တခြမ်း ပျက်စီးနေပြီလို့ ပြွန်တန်ဆာမြို့တိုက်နယ်ဆရာဝန် ဒေါက်တာကျော်စောဝင်းမောင်က ပြောပါတယ်။
ညောင်လေးပင်းဆးရုံကို မတ် ၂၅ ရက်နေ့ ရောက်လာတဲ့ စောင့်ကြည့်သံသယလူနာ အမျိုးသားကတော့ နိုင်ငံခြားကပြန်လာသူဖြစ်ပြီး အမျိုးသမီးကတော့ အနည်းငယ် စိုးရိမ်ရတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဒန်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။
“စောင့်ကြည့် သံသယလူနာတွေကို သီသန့်ခန်းမှာ ခွဲပြီကုသပေးနေပါတယ်၊ သူတို့ရဲ့နှာရည်များအား တိုပတ်နဲ့ နမူနာများရယူပြီ ကိုရိုနာဗိုင်းရပ်စ် ပိုး ရှိ မရှိကို ဓာတ်ခွဲစမ်းသပ်နိုင်ဖို့ မနေ့ညနေက ပို့လိုက်ပါပြီ၊ သမားတော်တွေဆုံးဖြတ်မှာပေါ့လေ၊ ခုတော့ သူတို့ကို သေချာစောင့်ကြည့်ကုသပေးနေပါတယ်။”
မြန်မာနိုင်ငံမှာ မတ် ၂၅ ရက်နေ့အထိ စောင့်ကြည့်နဲ့ သံသယလူနာ ၂၇၅ ဦးရှိပြီး ရောဂါကူးစက်ခံထားရသူ ၃ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီနေ့မနက်ပိုင်း ထုတ်ပြန်ချက်အရ စောင့်ကြည့်နဲ့ သံသယလူနာ ၄၀ မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိဘူးလို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိကြောင်း ဓာတ်ခွဲအဖြေထွက်လာတဲ့ အယောက် ၄၀ ထဲမှာ ညောင်လေးပင်ဆေးရုံက စောင့်ကြည့် လူနာ ၄ ဦး မပါသေးဘူးလို့ သိရပါတယ်။
နေလင်းထိုက်