ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် မောင်တောနယ်စပ် ခိုးဝင်ဂိတ်ပေါက်များ ပိတ်ထားရန် လိုအပ်
DVB
·
March 24, 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူတွေ များလာနေသလို သေဆုံးသူတွေလည်း ရှိနေတဲ့အတွက် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်စပ်တလျှောက်က တရားမဝင်ဂိတ်ပေါက်တွေကို လုံးဝတားဆီးပိတ်ပင်ဖို့ လိုအပ်နေတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းလှစိန် ဒီဗွီဘီကို ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးတာတွေ ရှိနေတယ်လို့ တဘက်နိုင်ငံ သတင်းစာတွေမှာ တွေ့ရတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဖောင်းပွနေတဲ့ လူဦးရေ သန်း ၁၂၀ ရဲ့ ရောဂါပြန့်ပွားလာနိုင်မှုအရ ကျနော်တို့ မောင်တောနယ်စပ်ကို အလေးထား စောင့်ကြည့်ရပါလိမ့်မယ်။ အဓိက မောင်တောနယ်စပ်တလျှောက် ဘင်္ဂလားပင်လယ်အော်၊ နတ်မြစ်ဝကနေ ဗန္ဓုလအထိ နယ်စပ်ထွက်ပေါက်ဂိတ်တွေက ခိုးဝင် ခိုးထွက် ပြုလုပ်နေတာတွေကို လုံးဝ တားဆီးရပါလိမ့်မယ်။”
လက်ရှိအချိန်မှာတော့ နယ်စပ်တလျှောက် ညဘက်တွေမှာ တရားမဝင် ခိုးဝင်၊ ခိုးထွက်တာတွေ ရှိနေတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းလှစိန် ကပြောပါတယ်။
“အခုနယ်စပ်ကုန်သွယ်ရေးက သွားနေတာကတော့ သာမန်အားဖြင့် စစ်ဆေးလို့ရတာ ရှိတယ်။ နယ်စပ်တလျှောက် ညဘက်တွေမှာ ခိုးဝင်/ခိုးထွက်ပြီး ကူးလူးဆက်ဆံနေတာတွေ ရှိတယ်။ အဲဒီဂိတ်ပေါက်တွေနဲ့ အဲဒီလိုနေရာတွေကို ပိုပြီးသတိထားရပါလိမ့်မယ်။ မောင်တောမှာ ဒီရောဂါ ကူးစက်လာမှု အခြေအနေကို လက်တွေ့လည်း စုံစမ်းနေတယ်။ စုံစမ်းရသလောက် သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်သွာမှာဖြစ်တယ်”
လက်ရှိ မောင်တောနယ်စပ်ကုန်သွယ်မှု ပိတ်ပင်ထားတာမရှိဘဲ ပုံမှန် လည်ပတ်နေတာကို တွေ့ရပါတယ်။
မောင်တောနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်တင်ပို့ရာမှာ မော်တော်ဘုတ်တစီးမှာ လူ လေးဦးမှငါးဦးသာ လိုက်ပါခွင့်ရရှိပြီး တဘက်နိုင်ငံကနေ ပြန်ဝင်လာသူတွေကိုတော့ မောင်တော အမှတ် (၁) နယ်စပ်ဂိတ်ပေါက်မှ ကျန်းမာရေးဝန်ထမ်းတွေက ကွင်းဆင်းစစ်ဆေးနေကြပါတယ်။
တဘက်နိုင်ငံကို ကုန်သွားပို့ပြီး ပြန်လည်ဝင်ရောက်လာတဲ့ မော်တော်ဘုတ်သမား မာမတ်ဆော်လိမ်က “ကျနော်တို့က ဘင်္ဂလားဘက်မှာ ကမ်းပေါ်ကို တက်ခွင့်မပေးပါဘူး။ ဆရာဝန်တွေ လာစစ်ဆေးတယ်။ ကျနော်တို့နေတဲ့နေရာကိုလည်း သူတို့ဘက်ကလူတွေကို မလာခိုင်းပါဘူး။ စစ်တွေဘက်ကလာတဲ့ မော်တော်ဘုတ်တစီးမှာ ဖျားနာနေတဲ့ လူတဦး ပါလာတဲ့အတွက် ပစ္စည်းတွေကိုပါ တင်ခွင့်မပေးဘဲ ပြန်လွှတ်လိုက်တာ ရှိတယ်” လို့ ပြောပါတယ်။
အရင်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ boder pass စနစ်နဲ့ မောင်တောမှ ဘင်္ဂလားသို့ နေ့ချင်းပြန် ဒါမှမဟုတ် TBP(Temporary Border Pass)စနစ်နဲ့ ၇ ရက် ၆ ည အိပ်ခွင့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်ခရိုင်နဲ့ မြန်မာနိုင်ငံ မောင်တောမြို့အတွင်း ဝင်ထွက်သွားလာခွင့်ပြုပေးခဲ့ပါတယ်။
၂၀၁၇ မောင်တောဒေသမှာ အကြမ်းဖက်ဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက်ပိုင်းမှာ သွားလာခွင့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပိတ်ထားတာဖြစ်ပါတယ်။
လင်းလက်