မြန်မာပြည်တွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးကူညီပေးမည့် စေတနာ့ဝန်ထမ်းများ ခေါ်ယူ
သူဇာလင်း
·
March 26, 2020
မြန်မာပြည်တွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့ စေတနာ့ဝန်ထမ်းတွေ လိုအပ်နေတယ်လို့ ရန်ကုန်စည်ပင်ကော်မတီဝင် ပရဟိတစာရေးဆရာမ ဒေါ်သန်းမြင့်အောင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် ကတဆင့် ဖိတ်ခေါ်ထားပါတယ်။
COVID-19 ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုဟာ လတ်တလော ကမ္ဘာ့ကပ်ရောဂါတခု ဖြစ်နေပြီး မြန်မာနိုင်ငံမှာပါ အရေးတကြီး အသိပညာပေးကာကွယ်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်လာနေပြီ ဖြစ်ပါတယ်။
ခုလတ်တလော Volunteer စေတနာ့ဝန်ထမ်းတွေ ခေါ်ယူမှုမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီး ကနေ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းကြောင်းတွေကနေ ပြန်လည်ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားတွေကို ၁၄ ရက်တာ ကျန်းမာရေးသီးသန့်စောင့်ကြည့်ကာလမှာ အရေးပေါ် ရက်ရှည်လုပ်အားပေးကြမယ့် သူရဲကောင်းတွေကို ကြိုတင်စုဆောင်းချင်လို့ဖြစ်တယ်လို့ ဒေါ်သန်းမြင့်အောင်က ဆိုပါတယ်။
အချိန် ၁၄ ရက်ဆိုပေမယ့် အကြောင်းကြောင်းကြောင့် ပါဝင်တဲ့ စေတနာ့ဝန်ထမ်း တွေလည်း စောင့်ကြည့်လူနာစာရင်းထဲမှာ ပါသွားနိုင်တာမို့ ၂၈ ရက်တာအိမ်နဲ့ ခွဲနေနိုင်ဖို့ လည်း ပြင်ဆင်ခဲ့ကြဖို့ ရေးသားဖော်ပြထားပါတယ်။
ပါဝင်လိုတဲ့ အမျိုးသားတွေအနေနဲ့ အမည်၊ အသက်၊ ဆက်သွယ်ရန်ဖုန်း၊ နေရပ်လိပ်စာ၊ အမျိုးသားမှတ်ပုံတင်အမှတ်တွေနဲ့အတူ တဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ စာရေးဆရာမ သန်းမြင့်အောင်ရဲ့ ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာမှဖြစ်စေ၊ We Love Yangon အဖွဲ့ရဲ့ https://web.facebook.com/We-Love-Yangon-102169448071574/ ဖေ့စ် ဘွတ်ခ်မက်ဆင်ဂျာမှ ဖြစ်စေပေးပို့လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ ဦးထိ ရှိလာခဲ့ပြီဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုတွေကို အင်အားအပြည့်နဲ့ အရေးတကြီးလုပ်ဆောင်ရမယ့် ကာလရောက်နေပြီဖြစ်ပါတယ်။
COVID-19 ပြန့်ပွားမှုအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ပြည်ပနိုင်ငံတွေကနေ ဝင်ရောက်လာတဲ့သူတွေကို သတ်မှတ်နေရာတွေမှာ ၁၄ ရက်ကြာ အသွားအလာကန့်သတ် Quarantine လုပ်ထားပါတယ်။
သူတွေကို အကူအညီပေးနိုင်ဖို့အတွက် တာဝန်ထမ်းဆောင်မယ့် စေတနာ့ဝန်ထမ်းတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဖိတ်ခေါ်ခဲ့တာကြောင့် ဒီနေ့မှာတော့ စေတနာ့ဝန်ထမ်းလူငယ် ၁၀ ယောက်ကျော်က အသွားအလာကန့်သတ်နဲ့ Quarantine လုပ်ခံရမယ့်သူတွေနဲ့ ၁၄ ရက်အကြာ အတူနေပြီး လိုအပ်တဲ့ အကူအညီပေးသွားမှာလည်းဖြစ်ပါတယ်။
Quarantine လုပ်ခံရသူတွေကို စောင့်ရှောက်ရာမှာ နောက်ဆုံးဆိုးရွားတဲ့ ရလဒ်တွေထွက်ပေါ်ခဲ့ရင်တောင် အကူအညီပေးဖို့ ဆုံးဖြတ်ထားတယ်လို့ စေတနာ့ဝန်ထမ်းတာဝန် ထမ်းဆောင်မယ့် လူငယ်တွေကပြောပါတယ်။
ရန်ကုန်မှာ Quarantine ထားရှိခံရသူတွေကို ဟိုတယ် ၇ မိုင်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟိုတယ်၊ ဆရာတော်အရှင်ဆေကိန္ဒကျောင်း၊ တောင်ဥက္ကလာပ အမျိုးသမီးနဲ့ ကလေးရုံတွေနဲ့ ဝေဘာဂီဆေးရုံစတဲ့ နေရာတွေမှာ ထားရှိတာဖြစ်ပါတယ်။
အသွားအလာကန့်သတ်နဲ့ ထားရှိမယ့်သူတွေကို အကူအညီပေးမယ့် စေတနာ့ဝန်ထမ်းတွေအတွက်လည်း ကျန်းမာရေးအသိပညာပေးတာတွေကို ဆရာဝန်တွေက ပူးပေါင်းကူညီပေးနေပါတယ်။
လက်ရှိမှာတော့ တာဝန်ထမ်းဆောင်ဖို့ ဆက်သွယ် စာရင်းပေးထားတဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေ အယောက် ၁၀၀ နီးပါးလောက်ရှိနေပြီလို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကပြောပါတယ်။
ဒါ့အပြင် နောက်ထပ်လည်း အသွားအလာကန့်သတ်နဲ့ ထားရှိခံရမယ့်သူတွေကို အကူအညီပေးနိုင်ဖို့ စေတနာ့ဝန်ထမ်းလူငယ်တွေကို ဖိတ်ခေါ်တယ်လို့ ပြောပါတယ်။
မတ်လ ၂၆ ရက် ညနေ ၅ နာရီလောက်အထိ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၇၉,၉၁၅ ဦးရှိခဲ့ပြီး ၂၁၅,၇၇ ဦး သေဆုံးခဲ့ပြီဖြစ်ကာ ၁၁၅,၇၉၈ ဦးကတော့ ပြန်လည်သက်သာလာခဲ့ပြီဖြစ်တယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာလည်း COVID-19 ရောဂါအတည်ပြုလူနာ ၃ ဦးတွေ့ရှိပြီးနောက် အစိုးရက ပြည်သူတွေနဲ့ပူးပေါင်းပြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေ အရှိန်တိုးမြှင့်လုပ်ဆောင်နေပေမယ့် တက်ကြွလှုပ်ရှားသူတွေ၊ သမဂ္ဂအသင်းအပင်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ ပူးပေါင်းပါဝင်ကူညီမှုတွေ နည်းပါးနေသေးပါတယ်။
သတင်း- သူဇာလင်း