Home
မြန်မာသတင်း
COVID-19 လူနာတွေ့ပြီးနောက် လွိုင်ကော်တွင် တက္ကသိုလ်၊ ကောလိပ်အားလုံးပိတ်၊ ဖြေလက်စ စာမေးပွဲများ ရပ်ဆိုင်း                 
နော်နိုရင်း
·
March 24, 2020
81968290_10218859129082648_713509976148017152_o
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုလူနာ ၂ ဦးတွေ့ရှိကြောင်း မတ် ၂၃ ရက် ည ၁၁ နာရီ ၄၅ မိနစ်မှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပြီးနောက် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာရှိတဲ့ ကောလိပ်၊ တက္ကသိုလ်တွေအားလုံး ဒီကနေ့ကစပြီး ပိတ်လိုက်ပါတယ်။ လွိုင်ကော်မြို့မှာ လွိုင်ကော်တက္ကသိုလ်၊ နည်းပညာတက်က္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ လွိုင်ကော်ပညာရေးကောလိပ်အစရှိတဲ့ တက္ကသိုလ်ပညာ ကျောင်းအားလုံးပိတ်လိုက်တာပါ။ လက်ရှိအချိန်မှာ တက္ကသိုလ် စာမေးပွဲဖြေဆိုတဲ့အချိန်ကာလဖြစ်ပြီး စာမေးပွဲဖြေလက်စနဲ့ စာမေးပွဲတဝက်တပျက်နဲ့ ပိတ်လိုက်တာဖြစ်ပါတယ်။ လွိုင်ကော်ပညာရေးကောလိပ်မှာ ပညာသင်ယူနေတဲ့ ကိုခင်မောင်ဝင်းက “ကျနော်တို့ ကျောင်းက ဒီမနက်ပဲ ပိတ်လိုက်တယ်။ ဒီမနက် ၇ နာရီခွဲမှာ ကျောင်းပိတ်လိုက်တယ်။ ကျောင်းအုပ်ကြီးက ချက်ချင်းအသိလာပေးတာလေ။ ကျောင်းကို ဘယ်နေ့ပြန်ဖွင့်မလဲဆိုတာကို သူတို့ နောက်မှပဲ ကြေညာစာထုတ်မယ် အဲလိုပြောတာပေါ့နော်။” ပညာရေးကောလိပ်အနေနဲ့ မနေ့ မတ်လ ၂၃ ရက်နေ့အထိ စာမေးပွဲ ၁၃ ဘာသာ ဖြေဆိုထားပြီးဖြစ်ပြီး ဆက်လက်ဖြေဖို့ ၅ ဘာသာကျန်ရှိနေတာပါ။  ဒီလိုအလားတူပဲ လွိုင်ကော်တက္ကသိုလ်မှာလည်း မတ်လ ၁၈ ရက်နေ့က စတင်ကျင်းပနေတဲ့ သင်တန်းအသီးသီးက စာမေးပွဲအားလုံး ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှ စပြီး ရပ်ဆိုင်းလိုက်ကြောင်း ကြေညာပါတယ်။ ဒီလိုရပ်ဆိုင်းလိုက်တဲ့အတွက် နယ်မှာနေထိုင်တဲ့သူတွေအနေနဲ့ ကိုယ့်အိမ်ကိုသာပြန်ပြီး နားနေဖို့လည်း ဆရာတွေက အသိပေးထားပါတယ်။  ဒီလိုစာမေးပွဲတွေ တဝက်တပျက်နဲ့နားလိုက်တဲ့အတွက် ကျောင်းပြန်ဖွင့်အချိန် စာမေးပွဲပြန်ဖြေဖို့ စာပြန်လေ့လာရမျာနဲ့ အဆက်အစပ်မရှိတဲ့ အခက်အခဲတွေတော့ တက္ကသိုလ်၊ ကော်လိပ်ကျောင်း သူကျောင်းသားတွေ ရင်ဆိုင်ရမှာဖြစ်တယ်လို့ ကျောင်းသူကျောင်းသားတွေက ပြောပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024