ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်က ကျေးရွာတွေမှာ ရွာသားတွေဆီက ငွေတောင်းခံခဲ့တဲ့ မှုခင်းသတင်းထောက်အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံ တိုင်ကြားသူကို မတ် ၂၂ ရက်မှာ ရဲတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ ကာယကံရှင်က ပြောပါတယ်။
"အဓိကတော့ သစ်လုပ်ငန်းလုပ်ကိုင်တာရှိလား၊ တရားလိုအနေနဲ့ခေါ်မေးတာမဟုတ်ဘဲ ငွေတောင်းတာ ဟုတ်၊ ဟုတ် သိဖို့ ခေါ်မေးတာလို့ပြောပါတယ်။ ပြီးတော့ ဘာရည်ရွယ်ချက်နဲ့ တိုင်တာလည်း ဆိုတာ မေးပါတယ်" လို့ မှုခင်းသတင်းထောက်ငွေတောင်းခံမှုကို တိုင်ကြားခဲ့တဲ့ ကိုမျိုးထက်က ပြောပါတယ်။
ရဲစခန်းကို လာရောက်ဖို့ မတ်လ ၂၀ ရက်ကစာနဲ့ အကြောင်းကြားလာခဲ့ပြီး ရဲစခန်းကို သွားချိန် ဒုရဲအုပ်မြတ်ဆွေက သစ်လုပ်ငန်းလုပ်ကိုင်ခြင်း ရှိ၊ မရှိကို မေးမြန်းခဲ့ပြီး ဝါးခယ်မမြို့မ ရဲစခန်းမှူးကတော့ တိုင်စာနဲ့ပတ်သက်ပြီး ရည်ရွယ်ချက်ကို မေးမြန်းခဲ့တယ်လို့ ပြောပါတယ်။
မှုခင်းသတင်းထောက် ငွေတောင်းမှုနဲ့ပတ်သက်လို့ မြဂိုးကြီးကျေးရွာနေ ကိုမျိုးထက်က လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံ မတ်လ ၃ ရက် ရက်စွဲပါ စာနဲ့ အသနားခံတင်ပြခဲ့တာကြောင့် တိုင်းရဲတပ်ဖွဲ့ကို စိစစ်တင်ပြဖို့ ဝန်ကြီးကိုယ်တိုင်လက်မှတ်ထိုးထားတဲ့စာနဲ့အတူ တိုင်းရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့တာပါ။
အလားတူ ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းတာမလုပ်ခင် ရက်ပိုင်းအတွင်း မြောင်းမြသစ်တောဦး စီးဌာနက ဝန်ထမ်းတွေ ကိုမျိုးထက်ဆီရောက်လာပြီး သစ်လုပ်ငန်းလုပ်ကိုင်တာ ရှိ၊မရှိနဲ့ တိုင်စာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
မင်းထက်မုန်း (ပုသိမ်)