ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် ဖားကန့်မြို့နယ်တွင် PPE ဝတ်စုံ ၁၀၀၀ ဝယ်ယူပြင်ဆင်ထား
DVB
·
March 23, 2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုကို ကာကွယ်ဖို့အတွက် ရောဂါကာကွယ်ရေးဝတ်စုံဖြစ်တဲ့ PPE ဝတ်စုံ ၁၀၀၀ ဝယ်ယူထားတယ်လို့ COVID– 19 ကြိုတင်ကာကွယ်မှုဆိုင်ရာ ပံ့ပိုးကူညီရေး ကော်မတီဥက္ကဋ္ဌက ပြောပါတယ်။
ဖားကန့်လုံးခင်းမြို့၊ ငှက်ပျောတောရပ်ကွက်ရှိ အလင်းတန်းစာကြည့်တိုက်နဲ့ လူငယ်စင်တာမှာ မတ်လ ၂၂ ရက်က ကျင်းပတဲ့ COVID-19 ကြိုတင်ကာကွယ်မှုဆိုင်ရာပံ့ပိုးကူညီရေးအဖွဲ့ရဲ့ ဒုတိယအကြိမ် အစည်းအဝေးမှာ ပြောသွားတာပါ။
အစိုးရသက်ဆိုင်ရာဌာနတွေအနေနဲ့လည်း ဖားကန့်မြို့နယ်အတွင်း COVID – 19 ကူးစက်ရောဂါကာကွယ်နိုင်ဖို့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက ပညာပေးလက်ကမ်း စာစောင်တွေ ဖြန့်ဝေတာ၊ အသိပညာပေးဆိုင်းဘုတ် စိုက်ထူတာတွေ ပြုလုပ်ပြီး ဖြစ်တယ်လို့ ဖားကန့်မြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်က ပြောပါတယ်။
အခုကျင်းပတဲ့ ဒုတိယအကြိမ်အစည်းအဝေးမှာ COVID -19 ကြိုတင်ကာကွယ်မှု ဆိုင်ရာ ပံ့ပိုးမှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဆုံးဖြတ်ချက် ၅ ချက်ကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။
အစည်းအဝေးကို ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိဆရာဝန်တွေ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ ကိုယ်ပိုင်နဲ့ ပြင်ပဆေးရုံ ဆေးခန်းတွေက ဆရာဝန်တွေ တက်ရောက်ပြီး သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် အကြုံပြုဆွေးနွေးခဲ့ကြပါတယ်။
သတင်း- ဇော်မိုးထက် ( ဖားကန့် )