ကိုရိုနာဗိုင်းရပ်စ် ကင်းဝေးစေရန် ချောက်တွင် သံဃာတော်များ အန္တရာယ်ကင်းပရိတ်ရွတ်
DVB
·
March 21, 2020
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှ ကင်းဝေးစေဖို့ မကွေးတိုင်း ချောက်မြို့မှာ သံဃာတော်တွေက အန္တရာယ်ကင်း ပရိတ်တရားတော်တွေကို မနေ့ညနေပိုင်းကစတင်ပြီး မော်တော်ယာဉ်တွေနဲ့ လှည့်လည်ရွတ်ဖတ်ခဲ့ကြပါတယ်။
ချောက်မြို့ အမှတ် ၁၀ ရပ်ကွက် မဟာအေးစေတီ ဘုရားကုန်းခြေတော်ရင်းက စတင်ပြီး မြို့နယ် သံဃနာယက ဆရာတော် ဘဒ္ဒန္တတိက္ခသာရ ပါဝင်တဲ့ သံဃာတော် ၂၇ ပါးက ချောက်မြို့တွင်း ၁၅ နယ်မြေကို မော်တော်ယာဉ်နဲ့ လှည့်လည် ရွတ်ဖတ်ခဲ့ကြတာလို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။
မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆွေဝင်းက “ချောက်မြို့နယ်အတွင်းက ပြည်သူလူထုကို သဘာဝကပ်ရောဂါဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဘေးက လွတ်ကင်းအောင် ဆောင်ရွက်တာဖြစ်တော့ ဒီကနေ့ကစပြီး သုံးရက် ဆက်တိုက် ဆောင်ရွက်သွားမှာ” လို့ ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာကျန်းမာရေး WHO က ကပ်ရောဂါအဖြစ် မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံ ပြည်သူတွေအကြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ မရှိသေးဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကိုလင်း(ချောက်)